ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၁၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျောက်ကုန်းရွာက အရပ်သားပြည်သူတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ဖေဖော်ဝါရီ ခုနစ်ရက်က စစ်ကြောင်းထိုးချိန်မှာ သတ်ဖြတ်သွားတာဖြစ်ကာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ထွက်ခွာသွားပြီးနောက်ရက် ရွာသားတွေ ရွာထဲကို ပြန်ဝင်ချိန် အလောင်းကိုတွေ့ရှိခဲ့တာပါ။
“ဘုန်းတော်ကြီးကျောင်း ဘုရားများရဲ့ အနောက်မြောက်ဘက်ထောင့်မှာ တွေ့ခဲ့တယ်၊ သေနပ်နဲ့ပစ်သတ်ခဲ့တယ်၊ မသေခင်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေတွေ့တယ်၊ G3(သေနတ်) လို့ ယူဆရတယ်”လို့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။
သတ်ဖြတ်ခံရသူဟာ ကိုမြင့်ဆွေဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ဦးခေါင်းကို သေနတ်နဲ့ပစ်ခတ်သွားခဲ့တာပါ။
ကိုမြင့်ဆွေဟာ နားမကြားတဲ့မိခင်နဲ့ မိသားစုကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ပြီး အကြမ်းဖက်စစ်တပ်တွေ ဝင်လာတဲ့နေ့က မိသားစုကို ရွာရဲ့အနောက်ဘက်ကို ပြေးခိုင်းပြီး သူကတော့ ဆိုင်ကယ်ကျန်ရစ်ခဲ့လို့ ပြန်ယူတဲ့အချိန်မှာ အသတ်ခံခဲ့ရတာပါ။
“သူက ရွေးကောက်ပွဲကာလမတိုင်မီမှာ ကြံ့ခိုင်ရေးပါတီရပ်ကျေးစည်းရုံးရေးမှူး၊ အာဏာသိမ်းပြီးချိန်မှာတော့ ဒလန်လည်းမလုပ်သလို စစ်အာဏာရှင်အလိုမရှိတဲ့စိတ်ရှိပြီး တော်လှန်ရေးအတွက်ကူနိုင်တဲ့နေရာကူနေတယ်။အသက်က ၄၈နှစ်အရွယ်၊ လူပေါင်းလည်းဆန့်တယ်”လို့ ဒေသခံကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်တွေမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က စစ်ကြောင်းတွေထိုးတာကြောင့် ဒေသခံသောင်းနဲ့ချီပြီး ထွက်ပြေးနေရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ စောင့်ကြည့်တွက်ချက်မှုအရ တစ်နိုင်ငံလုံးမှာ နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက်စစ်တပ်ရဲ့လက်ချက်နဲ့ သေဆုံးသူ အနည်းဆုံး ၃,၀၀၀ နီးပါးရှိလာနေပါပြီ။
ပုံစာ – အကြမ်းဖက်စစ်တပ်သတ်သွားတဲ့ ကျောက်ကုန်းရွာဒေသခံ
ဓါတ်ပုံ – CJ
#Dailynews

