ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၉ (မော်ကွန်း)
မြိတ်-ထားဝယ် ကားလမ်းပေါ်က စစ်ကော်မရှင်တပ်ရဲ့ အင်အား ၄၀ ကျော်ရှိတဲ့ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့ကထုတ်ပြန်ပါတယ်။
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို ဒီနေ့မနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ KNU တပ်မဟာ (၄) လက်အောက်ခံ KNDO တပ်ရင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းတွေအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တာပါ။
ဒီတပ်စခန်းဟာ အာဏာသိမ်းစစ်ကော်မရှင်တပ်ရဲ့ ခလရ (၂၈၀) တပ်ရင်း၊ အမတ(၃၀၉)တပ်ရင်း၊ အမှတ်(၁၂) တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတပ်ဖွဲ့ဝင်တွေအပါအဝင် စုစုပေါင်း အင်အား ၄၀ နဲ့ တပ်စွဲထားတဲ့ တပ်စခန်းလို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဘက်က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေရဲ့ ဓါတ်ပုံမှတ်တမ်းတွေကိုလည်း KNU ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဘက်က သေဆုံးမှုရှိပြီး စခန်းစွန့်ခွာထွက်ပြေးသွားသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ထမင်းမစားကျေးရွာဟာ ပုလောမြို့နယ်အထွက် မြိတ်- ထားဝယ်ကားလမ်းပေါ်မှာတည်ရှိပြီး ၎င်းကားလမ်းပိုင်းကို လုံခြုံယူထားတဲ့ တပ်စခန်းပါ။
ပြီးခဲ့တဲ့လပိုင်းထဲက နိုင်ငံရဲ့ တောင်ပိုင်းဒေသတွေဖြစ်တဲ့ မြိတ်-ပုလော-ထားဝယ် ကားလမ်း၊ ရေး-ထားဝယ် ကားလမ်းတွေမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး ဒီကားလမ်းတွေကိုလည်း ပိတ်ထားရတာပါ။
တနင်္သာရီတိုင်း၊ ပုလောနဲ့ ပလောက်မြို့တွေမှာ ဒီနှစ် ဇူလိုင်လကုန် နဲ့ ဩဂုတ်လဆန်းပိုင်းအတွင်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ အကြိမ် ၃၀ နီးပါး ဖြစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းကလည်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့လ ၁၈ ရက်ကလည်း ပုလောမြို့နယ် အောင်ပူကျေးရွာအုပ်စုအတွင်းက စစ်ကော်မရှင်တပ်ရဲ့ တမိုင်းတောင်စခန်းကုန်းကို တော်လှန်ရေးတပ်တွေ ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် စစ်ကော်မရှင်တပ်ဟာ ဒီစခန်းကုန်းကို စွန့်ခွာသွားခဲ့ပြီး KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ပုံစာ – စစ်ကော်မရှင်တပ်စခန်းသိမ်းယူထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – KNU

