” ဒလမြို့ ပျော်ဘွယ်ကြီးရွာတွင် ကျောင်းတက်ကြရန် လိုက်အော်နေ”
ရန်ကုန် – ၂၀၂၁ ဇွန် ၁၄ (မော်ကွန်း)
မနေ့ညက ဒလမြို့ ပျော်ဘွယ်ကြီးရွာသို့ စစ်အုပ်စု ရောက်ရှိလာပြီး ပျော်ဘွယ်ကြီး အ.ထ.ကတွင် ကျောင်းတက်သူ နှစ်ရာကျော်သာရှိသဖြင့် ငါးရာပြည့်အောင်လုပ်ရန် အုပ်ချုပ်ရေးမှူးအား ဖိအားပေးပြီးနောက် ကျောင်းတက်ကြရန် လော်ဖြင့် လိုက်အော်နေကြောင်း အဆိုပါ ကျေးရွာဒေသခံက မော်ကွန်းသို့ သတင်းပေးပို့သည်။
“ရွာလူကြီးကို ငါးရာပြည့်အောင် ခင်ဗျားလုပ်မလား ကျုပ်လုပ်ရမလားဆိုပြီး ပြောသွားတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
ကျောင်းတက်သူ ငါးရာမပြည့်ပါက CDM လုပ်ဆောင်နေသည့် ဆရာ၊ ဆရာမများအား ဖမ်းဆီးမည်ဟု စစ်အုပ်စုဘက်က ပြောဆိုသွားသည်ဟု ဆိုသည်။
ပျော်ဘွယ်ကြီး အ.ထ.က တွင် ပုံမှန်အချိန် ကျောင်းတက်သူ ၁၅၀၀ ဝန်းကျင်ရှိရာ ယခုအချိန်တွင် ကျောင်းတက်သူ ၂၅၀ ဝန်းကျင်သာရှိသည်ဟု သူကပြောသည်။
“ကျွန်တော်တို့ တစ်ရွာလုံး စိတ်ညစ်နေကြတယ် ဆရာမတွေကို ထိမှာစိုးလို့ ကျောင်းအပ်ရမလားဆိုပြီး။ မနက်ဖြန်တောင် ကျောင်းသွားအပ်မယ့်သူတွေရှိတယ်။ ခုတော့ ရွာထဲမှာ ကျောင်းတက်ဖို့ လိုက်အော်နေတယ်”ဟု ဒေသခံကပြောသည်။
ပျော်ဘွယ်ကြီးရွာသည် အုပ်စုအဆင့် ကျေးရွာကြီးဖြစ်ပြီး အိမ်ခြေ တစ်ထောင်ကျော်ရှိသည်။
#Dailynews

