မန္တလေး- ၂၀၂၁ မေ ၂၄ (မော်ကွန်း)
အာဏာသိမ်းကာလ အခြေခံလူတန်းစားတွေစားဝတ်နေရေး ကြပ်တည်းနေချိန် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်အနီးက စာသင်တိုက်တစ်ခုမှာ နေ့စဥ် ဆွမ်းအထုပ်ပေါင်းတစ်ရာခန့် စတင်ပေးလှူနေပါတယ်။
ရန်ကင်းတောင် အရှေ့ဘက်ကပ်လျက် လေးကျွန်းမာရ်အောင် သာမဏေကျော်စာသင်တိုက်မှာ ကျောင်းတိုက်က ပဓါနနာယကဆရာတော်နဲ့ လေးကျွန်းမာရ်အောင် သံဃာတော်များက နေ့စဥ် နံနက် ၁၁ နာရီ ဝန်းကျင်ကစလို့ ဆွမ်းအထုပ်ပေါင်း တစ်ရာနီးပါးကို ကျောင်းဝင်းအတွင်း သစ်ပင်တစ်ပင်မှာ ချိတ်ဆွဲထားပေးမှာဖြစ်ပြီး မည်သူမဆို လိုသလို လာရောက် ယူနိုင်တယ်လို့ ကျောင်းတိုက်က ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။
ဆွမ်းသီးသန်ံ့ဖြစ်ပြီး ဟင်းလေးပေါင်း အဆင်ပြေပါက ဟင်းလေးပေါင်းလည်း လှူဒါန်းမှာဖြစ်ကြောင်း၊ နေ့စဥ်လိုသလို မိမိစိတ်ကြိုက် အသုံးပြုဖို့ လာရောက် အလှူခံရယူနိုင်ကြောင်း ဆရာတော်တွေက မိန့်ပါတယ်။
စစ်တပ်အာဏာသိမ်းမှု ရက်ပေါင်းတစ်ရာကျော်ခဲ့ပြီဖြစ်ပြီး လုပ်ငန်းတွေလည်း ရပ်ဆိုင်းတာတွေရှိနေတာကြောင့် အခြေခံလူတန်းစားတွေ စားဝတ်နေရေး ကြပ်တည်းလာနေကြတာဖြစ်ပါတယ်။
ဓာတ်ပုံ- CJ
#Dailynews

