ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၈ (မော်ကွန်း)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ပုလဲသွယ်ရပ်ကွက်မှာ ဒီနေ့နံနက်က မိုးသက်လေပြင်းကျရောက်လို့ မြေပြိုမှုဖြစ်ပွါးခဲ့ပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“မိုးများပြီးတောင်သားနံရံတွေပြိုကျလို့ တောင်ခြေက ခြေတံရှည် ပျဉ်ထောင်အိမ်တစ်လုံး လုံးဝပျက်စီးသွားတယ်။ အဲဒီအိမ်က မြေးအဘွားနှစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်။ အဘွားဖြစ်သူကိုတော့ ဆေးရုံတင်ထားရတယ်။ မြေးဖြစ်သူကတော့ ပွန်းပဲ့ရာလောက်ပဲဖြစ်သွားတယ်။ “ လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ မြေပြိုကျမှုအန္တရာယ်စိုးရိမ်ရသေးတာကြောင့် အနီးအနားက နေအိမ်သုံးလုံးကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းထားတယ်လို့ သူကပြောပါတယ်။
ပုလဲသွယ်ရပ်ကွက်မှာ အခုတစ်ခေါက် မြေပြိုမှုဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်လို့ခေါ်တဲ့ လေပွေလှိုင်းတွေဟာ တနင်္သာရီတိုင်းဒေသကြီးအပါအဝင် မြစ်ဝကျွန်းပေါ်ဒေသတွေကတစ်ဆင့်မြန်မာနိုင်ငံထဲကို ဒီနေ့မှာ စတင်ဝင်ရောက်နေတာကြောင့် မိုးသက်လေပြင်းတွေကျရောက်နေတာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။
မြိတ်မြို့ပေါ် ရပ်ကွက်တွေမှာလည်း ဒီနေ့နံနက်ကစပြီး မိုးသက်လေပြင်းကျရောက်တာကြောင့် ရေလျှံတာတွေ ဖြစ်ပွါးနေတယ်လို့ မြို့ခံတွေကပြောပါတယ်။
“မနက်ကတည်းက မိုးရွာနေတာ။ လေကလည်းပြင်းတယ်။ တိုးချဲ့ရပ်ကွက်တွေမှာဆို အိမ်ခေါင်မိုးလန်ကုန်တာ။” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
မြိတ်မြို့လိုပဲ လားရှိုးမြို့မှာလည်း အခုလ ၁၅ ရက်က မိုးကြီးတာကြောင့် မြေပြိုမှုဖြစ်ပွါးခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ပါတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာ လာမယ့် နှစ်ရက်မှာလည်း မိုးများနေဦးမယ်လို့ မိုးဇလက ပြီးခဲ့တဲ့နာရီပိုင်းကထုတ်ပြန်ထားပါတယ်။
ပုံစာ- ဒီနေ့နံနက် မြေပြိုမှုဖြစ်ပွါးခဲ့သည့် ပုလဲသွယ်ရပ်ကွက်မှနေအိမ်
ဓာတ်ပုံ – Win Noung
#Dailynews

