ရန်ကုန် – ၂၀၂၄ ဇွန် ၇ (မော်ကွန်း)
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) က ရွှေဈေးကိုသတ်မှတ်ထားပေမယ့် ရွှေဆိုင်တွေဟာ YGEA ရဲ့ သတ်မှတ်ရောင်းဈေးအပေါ် အလျော့တွက်နဲ့လက်ခတွေ ပိုတိုးကောက်ထားတာကြောင့် ဝယ်သူတွေ နစ်နာနေတယ်လို့ ရွှေဈေးကွက်လေ့လာသူတွေနဲ့ ကိုယ်တိုင်ကြုံခဲ့သူတချို့က ပြောပါတယ်။
YGEA ဟာရွှေဈေးနှုန်းကို ၄၇ သိန်း ကိုးသောင်းကျော်မှာ အရောင်းအဝယ်လုပ်ကြဖို့ ဒီနေ့မနက်ပိုင်းမှာ သတ်မှတ်ပေးထားပြီး ရွှေဆိုင်တွေကိုနေ့စဉ်ဖွင့်လှစ်ဖို့နဲ့ ဝင်ရောက်စစ်ဆေးချိန် သတ်မှတ်ချက်နဲ့မရောင်းချပါက ထိရောက်စွာအရေးယူခံရမယ်လို့လည်း ထုတ်ပြန်ထားတာပါ။
ဒီလိုထုတ်ပြန်ထားတဲ့အတွက် ရွှေဆိုင်တွေဟာ ဖွင့်လှစ်ထားပေမယ့် ရွှေဆိုင်တချို့မှာ ဝယ်ယူတဲ့ရွှေအပေါ် အလျော့တွက်လက်ခတွေတိုးမြှင့်ပြီး ရောင်းချနေကြတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတချို့က ပြောပါတယ်။
“လက်ရှိ အဲဒီလို အလျော့တွက်တွေ ပိုယူနေတာ နာမည်ကြီးရွှေဆိုင်တွေပါပဲ။ အလျော့တွက်က တစ်ကျပ်သားကို သုံးသိန်းကျော်နဲ့ အခွန်ရှစ်သောင်းကျော်ဆောင်ရသေးတယ်။ ဘာမှမထူးဘူး အပြင်ပေါက်ဈေးအတိုင်း တစ်ကျပ်သားကို ၅၃ သိန်းလောက်ပြန်ကျတယ်” လို့ ကိုယ်တိုင်ကြုံလာရသူတစ်ဦးက ပြောပါတယ်။
ပြင်ပမှာ ပေါက်နေတဲ့ဒေါ်လာဈေးအရ ရွှေတစ်ကျပ်သားကို ၅၃ သိန်းထိ ရောက်နေတာကြောင့် နာမည်ကြီးရွှေဆိုင်တွေအပါအဝင် ရွှေဆိုင်အများစုဟာ ရွှေလာရောက်ဝယ်ယူပါက အလျော့တွက်၊ လက်ခတွေကို တွက်ခြေကိုက်အောင် ပိုတွက်တာတွေ ရှိလာတာပါ။
ဒါ့ပြင် ရွှေဆိုင်အများစုဟာ အခေါက်ရွှေ၊ ရွှေအတုံးအခဲ၊ အရောင်းအဝယ်တွေကို ရပ်ထားပြီး လက်ဝတ်ရတနာနဲ့ ရွှေအထည်ပစ္စည်းတွေကိုပဲ အဓိကထားရောင်းချပေးနေတယ်လို့ ဈေးကွက်စောင့်ကြည့်သူတချို့က ပြောပါတယ်။
ဒါ့အပြင် မိမိရွှေကို ပြန်ရောင်းရင်တော့ YGEA ရဲ့ သတ်မှတ်ဈေးနဲ့ပဲ ရွှေဆိုင်တွေကဝယ်ယူနေတာကြောင့် ဝယ်သူရော ပြန်ရောင်းမယ့်သူတွေပါ နစ်နာနေတယ်လို့ ရွှေဈေးကွက် စောင့်ကြည့်သူတစ်ဦးက သုံးသပ်ပါတယ်။
“သွားဝယ်ရင် အခေါက်ရွှေဆိုလည်း ပဲသား၊ ရွေးသားလောက်ကိုပဲ ဟန်ပြရောင်းပေးတော့တယ်။ ဈေးကလည်း ပွင့်လင်းမြင်သာတဲ့ဈေးမဟုတ်ဘူးပေါ့။ ကိုယ်ပြန်ရောင်းမယ်ဆိုရင်တော့ အနိမ့်ဈေးပေါ့ YGEA သတ်မှတ်ဈေးနဲ့ သူတို့ကပြန်ကောက်တော့ ဒီစနစ်က ကုန်သည်တွေပဲ အသာစီးရအောင်လုပ်ထားပြီး ဝယ်မယ့်သူတွေကတော့ ပိုပြီးနစ်နာသွားတယ်” လို့ ၎င်းကပြောပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) ဟာ ရည်ညွှန်းဈေး အခေါက်ရွှေတစ်ကျပ်သားကို ၄၈ သိန်းကျော်အဖြစ် ယခုလ ၃ ရက်မှာ စတင်သတ်မှတ်ခဲ့ပြီး ဒီနေ့မှာတော့ တစ်ကျပ်သားကို ၄၇ သိန်း ကိုးသောင်းကျော်မှာ သတ်မှတ်ထားပါတယ်။
နာမည်ကြီးရွှေဆိုင်ပိုင်ရှင်တွေကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီးနောက်မှာ YGEA ဟာ ရွှေဈေးနှုန်းကို အခုလို တိုးမြှင့်သတ်မှတ်ခဲ့တာဖြစ်ပေမယ့် အဲဒီသတ်မှတ်ချက်ဟာ ပြည်တွင်းက နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရှိတဲ့ AD လိုင်စင်ရဘဏ်တွေအကြား အရောင်းအဝယ်လုပ်တဲ့ ဒေါ်လာဈေးနဲ့ သတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။
လိုင်စင်ရ ဘဏ်တွေအကြား သတ်မှတ်ထားတဲ့ သတ်မှတ်ထားတဲ့ ဒေါ်လာဈေးဟာ ဒီနေ့မှာ တစ်ဒေါ်လာကို ၃,၈၀၀ ကျပ်ဖြစ်ပေမယ့် ပြင်ပဈေးကွက်မှာတော့ တစ်ဒေါ်လာကို ၄,၃၀၀ ဝန်းကျင်ထိပေါက်နေတာကြောင့် ရွှေဈေးတွက်ချက်ရာမှာ ဈေးကွာဟနေပြီး ရွှေဆိုင်တွေဟာ အခုလို အလျော့တွက်လက်ခတွေမှာ ဈေးတင်လာကြလို့ သုံးသပ်ကြပါတယ်။
ဒါ့ပြင် ပြင်ပဒေါ်လာဈေးကွက်မှာလည်း စစ်ကောင်စီဗဟိုဘဏ်က ဝင်ရောက်တင်းကြပ်နေပြီး ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူတွေကို စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။
ယခုလ ၄ ရက်နေ့ကလည်း နိုင်ငံခြားငွေ လဲလှယ်ပေးတဲ့ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်နေသူ ၃၉ ဦးရဲ့ ဘဏ်စာရင်းတွေနဲ့ Payment Account တွေကို ယာယီဆိုင်းငံ့ကာ စစ်ဆေးနေတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

