ရေဂင်ရေးသည်
ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ (မော်ကွန်း)
တိုက်ခန်းတံခါးဝတွင် ‘သတိခွေးကိုက်တတ်သည်’ ‘လက်ဆေးပါ’ စသည့် သတိပေးစာ နှစ်ကြောင်းကြောင့် ကျွန်တော် အတန်ငယ်တွေဝေမိသေးသည်။ တံခါးတွင် ချိတ်ဆွဲထားသည့် လက်သန့်ဆေးရည်ဖြင့် လက်ဆေးပြီးနောက် လူခေါ်ခေါင်းလောင်းကိုနှိပ်လိုက်သော်လည်း တော်တော်နှင့် အထဲမှအသံမကြားရ။
လိပ်စာမှားပြီလားဟု သံသယဝင်လာချိန်တွင် ဥပဓိရုပ်ကောင်းကောင်း၊ ကိုယ်လုံးကိုဖန် တောင့်တောင့်နှင့်လူကြီးတစ်ယောက်က တံခါးလာဖွင့်ပေးသည်။ သူလမ်းလျှောက်နေချိန်တွင်တော့ ညာဘက်ခြေထောက်က ထော့နင်းထော့နင်းဖြစ်နေသည်ကို သတိပြုမိသည်။
“သတင်းသမားထင်တယ် လာလာ.. အိမ်ထဲဝင် ခွေးသိမ်းနေလို့” ဟု ပြောပြောဆိုဆို သံပန်းတံခါးကို ဖွင့်ပေးသည်။ အိမ်အဝင်ဝတွင်ရှိသည့် သစ်သားဘီဒိုကြီးနှစ်လုံးတွင် လေလျော့နေသောဘောလုံးအဟောင်းများ၊ ဆုတံဆိပ်များ၊ ဆုဖလားများက ဖုန်အလိမ်းလိမ်းနှင့်စုပြုံလျက်။ ထိုဘီဒိုနှစ်လုံးအလွန်တွင်တော့ ဆိုဖာထိုင်ခုံသုံးလုံး၊ စားပွဲတစ်လုံးသာရှိသည့်ဧည့်ခန်းမှာ လင်းလင်းကျင်းကျင်း သပ်သပ်ရပ်ရပ်။
“လာကွာ ထိုင်… သက်သောင့်သက်သာနေ၊ အရင် ဒီမှာပဲ မီဒီယာသမားတွေ အင်တာလာဗျူးကြတာ” ဟု ထိုလူကြီးက လောကဝတ်စကားဆိုရင်း ကျွန်တော့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ Air-con ကို ဖွင့်သည်။ ထို့နောက် ခြေထောက်ကိုချိတ်၊ လက်ကိုပိုက်လိုက်ပြီး ..
“ကဲ ဘာသိချင်တာလဲ” ဟုဆိုလိုက်သည်။
Photo – Mawkun မြန်မာ့ဘောလုံး ရွှေခေတ်မှ မှတ်တမ်းဓါတ်ပုံများ။
ကျွန်တော့်ရှေ့တွင် ကချင်ပုဆိုးနှင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအင်္ကျီဝတ်ပြီး ထိုင်နေသူမှာ အခြားမဟုတ်၊ တချိန်က မြန်မာဘောလုံးအသင်းနှင့် အာရှဖလား(Asian Game) ၊ ဆီးဂိမ်းရွှေတံဆိပ်များ ရရှိခဲ့သည့် ရွှေခေတ် ဘောလုံးသမားဟောင်း ဦးအေးမောင်ကြီးကိုယ်တိုင်ပင်ဖြစ်တော့၏။
မြန်မာ့ဘောလုံးရွှေခေတ်
မြန်မာ့ဘောလုံးရွှေခေတ်ဟု ပြောစမှတ်ပြုကြသည့် ၁၉၅၀ မှ ၁၉၇၀ ခုနှစ်အတွင်း မြန်မာဘောလုံး အသင်းသည် အာဆီယံ၊ အာရှ၊ အိုလံပစ် ပြိုင်ပွဲများအထိ ခြေစွာခဲ့သည်။ အာရှကျား ဟူသည့် နာမည်တစ်လုံးကို ရေးထိုးခဲ့သည်။
“ငါတို့တုန်းက ဆီးဂိမ်းလောက်ကို ထည့်ကိုမတွက်ဘူး။ စကားကြီးစကားကျယ် ပြောတယ်မထင်နဲ့၊ ငါတို့ လိုချင်တာ အာရှဖလားပဲ” ဟု ဦးအေးမောင်ကြီးက လက်သီးလက်မောင်းတန်းရင်း ပြောသည်။ ထိုကာလအတွင်းက မြန်မာ့လက်ရွေးစင်အသင်း မှာ ၁၉၆၆ နှင့် ၁၉၇၀ နှစ်ကြိမ်ဆက် အာရှဖလားချန်ပီယံ၊ အရှေ့တောင်အာရှတွင် ငါးကြိမ်ဆက်ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့သည်။ ထို့အပြင် အာရှလူငယ်၊ မာဒေးကား စသည့် ဖိတ်ခေါ်ဖလား ရွှေတံဆိပ်ဆုများစွာ ဆွတ်ခူးခဲ့သည်။
အီရန်အသင်းအား အနိုင်ရခဲ့သည့် ၁၉၆၆ တွင် အသက် ၁၇ သာရှိသေးသည့် ဦးအေးမောင်ကြီးက “ဘပုက ဘယ်ဝင်းကနေ ဆွဲပြေးပြီး နောက်ကိုပြန်ပေးတယ်။ ပင်နယ်တီ ဧရိယာအစပ်မှာ ရှိနေတဲ့ အောင်ခင်က အသာထိန်းပြီး ခြေခွင်နဲ့ ဂိုးသမားသမားညာဘက်ခြမ်းကို အသာကလေးပဲ ပိတ်သွင်းလိုက်တာ” ဟု ထိုနေ့က ရရှိခဲ့သည့် တစ်လုံးတည်းသောအနိုင်ဂိုးကို အမှတ်တရပြောပြသည်။ ထိုသို့ သမိုင်းဝင်နိုင်ပွဲအကြောင်းများ ပြောချိန်တွင် သိသိသာသာ အသံကျယ်လာတတ်ပြီး တစ်ခါတစ်ရံ ခြေဟန်လက်ဟန်များပါ ပါလာတော့သည်။
အိုလံပစ်ခြေစစ်ပွဲမတိုင်မီ ညစာစားပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်ကြသည့် ဦးအေးမောင်ကြီး၊ ဦးမောင်မောင်တင်(အသင်းခေါင်းဆောင်)နှင့် ဦးတင်စိန်တို့သုံးဦး စားပွဲဝိုင်းတစ်ခုတွင် ထိုင်သည်။ ထိုစဥ် အင်ဒိုနီးရှားနှင့် ထိုင်းအသင်းတို့မှ ကစားသမားများက အမှတ်တရ ဓါတ်ပုံတွဲရိုက်ရန် ခွင့်တောင်းပြီး နောက်တွင်မတ်တပ်ရပ် ဓါတ်ပုံအရိုက်ခံကြသည်။ ဓါတ်ပုံရိုက်ပြီးနောက် ထိုင်းကစားသမား တစ်ယောက်က အနားကပ်လာပြီးစကားတိုးတိုးကလေးပြောသွားသည်။ “ကလေးစကားနဲ့ ပြောရရင် ကျွန်တော်တို့ကို ဂိုးသိပ်မသွင်းပါနဲ့ ပေါ့ကွာ” ဟု အတိတ်က ရွှေထီးဆောင်းခဲ့ရပုံကို သူကပြောရင်း ရယ်နေသည်။
ဘေးတွင် ဖုန်းထိုင်သုံးနေသည့် ဦးအေးမောင်ကြီး၏ ဇနီး ဒေါ် ခင်ဖြူဖြူက “ဒါပေမယ့် အဲ့ဒီ့ နှစ်တုန်းက အောင်ဆန်းကွင်းမှာ ထိုင်းကို ခုနစ်ဂိုးပြတ်နိုင်တယ်လေ” ဟု စကားဝင်ထောက်သည်။
အာရှဖလား၊ ဆီးဂိမ်းပွဲများအပြီးတွင် အာရှတိုက်မှ အကောင်းဆုံးကစားသမား ၁၈ ယောက်အား အာရှဘောလုံးအဖွဲ့ချုပ်မှရွေးချယ်လေ့ရှိပြီး အင်္ဂလန်ပထမတန်း(လက်ရှိ ပရီးမီးယားလိဂ်) အသင်းကြီး နှစ်သင်းနှင့် ခြေစမ်းပွဲကစားလေ့ရှိရာ တစ်ကြိမ်လျှင် မြန်မာကစားသမားနှစ်ဦးမှ သုံးဦးအထိ ပါဝင်တတ်ကြောင်း ကိုယ်တိုင်ကိုယ်ကျ အာရှလက်ရွေးစင်တွင် နှစ်ကြိမ်အရွေးခံခဲ့ရပြီး ဦးအေးမောင်ကြီးနှင့် လက်ရွေးစင်အသင်းတွင် ကိုးနှစ်ကြာတွဲဖက်ကစားခဲ့သည့် လက်ရွေးစင်ဂိုးသမား ဦးတင်အောင်က ပြောပြသည်။
“၁၉၆၇ တုန်းက အစ္စရေး ကစားသမားနှစ်ယောက်ပါတယ်။ စင်ကာပူမှာ ဆောက်သမ်တန်နဲ့ ကစားပြီး ဟော်တယ်ပြန်ရောက်တော့ အစ္စရေး – အာရပ် စစ်ပွဲဖြစ်နေတဲ့ သတင်းကြောင့် အစ္စရေးကစားသမား နှစ်ယောက် ကို နှစ်သိမ့်ပေးလိုက်ရသေးတာ” ဟု ဂိုးတင်အောင်က ထိုခေတ်က အမှတ်တရကိုပြောပြသည်။

Photo – Mawkun သူ့ဘဝ မှတ်တမ်း အမှတ်တရ ဓါတ်ပုံများအား ဦးအေးမောင်ကြီးက ရှင်းပြနေစဉ်။
သို့သော် အာရှလက်ရွေးစင်အသင်းကို ထောက်ပံ့သည့်ကုမ္ပဏီမှာ အရင်းရှင်ကုမ္ပဏီ ဖြစ်နေသည့်အတွက်ဟုဆိုကာ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရမှ ၁၉၆၈ နောက်ပိုင်း ပွဲစဥ်များကို ဝင်ရောက်ယှဥ်ပြိုင်ခွင့် မပြုတော့သည့်အတွက် ဦးအေးမောင်ကြီးမှာ အာရှလက်ရွေးစင်နှင့်လွဲခဲ့ရသည်ဟု ဂိုးတင်အောင်ကဆိုသည်။
ငယ်ဘဝ
ဦးအေးမောင်ကြီးဇာတိမှာ မန္တလေးတိုင်း မြစ်ငယ်မြို့ဖြစ်သည်။ သူ့အား ဘောလုံးသမား ဖြစ်လာစေခဲ့သည်က မြစ်ငယ်မီးရထားဝန်းအတွင်းက ဘောလုံးကွင်းဆိုလျှင်မမှား။ မြစ်ငယ်မီးရထား ဝန်ထမ်းများ စုပေါင်း၍ဖွဲ့စည်းထားသည့် မီးရထားဘောလုံးအသင်းမှာ တစ်ပတ်လျှင်တစ်ကြိမ်ကျ မန္တလေးတွင် တက်၍ ချိန်းပွဲကစားသည်။ မောင်အေးမောင်ကြီးသည် ထိုစဥ်ကတည်းက လူကြီးများ ဘောလုံးကစားသည်ကို ကွင်းဘေးက ကြည့်ရင်းဖြင့်အားကျခဲ့သည်။
ထို့နောက် ကျောင်းအားကစားချိန်တွင် မောင်အေးမောင်ကြီးမှာ ဘောလုံးကွင်းသို့ ပြေးတော့၏။ ထိုစဥ်ကတော့ သင်ပြပေးသည့် ဆရာမရှိ။ ယခုခေတ်ကဲ့သို့ နိုင်ငံတကာဘောလုံးနှင့်ပတ်သက်၍လည်း ဘာမျှနားမလည်။ မြစ်ငယ်မီးရထားအသင်း၏ လေ့ကျင့်ခန်းဆင်းပုံကို မြင်တွေ့ထားရသဖြင့်သာ တော်တော့သည်။
ကျောင်းပိတ်ရက်များဆိုလျှင် အိမ်မကပ်တော့ဘဲ မီးရထားဝင်းအတွင်းမှာပင် တစ်နေကုန်ခဲ့သည် များလည်းရှိ၏။ ဘောလုံးမှမဟုတ် ကစားခုန်စားမှန်သမျှ မောင်အေးမောင်ကြီးက ဝါသနာပါသည်။ ကျောင်းအားကစားပြိုင်ပွဲတွင် အပြေး၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘော်လီဘော စသည့် အားကစားများ တွင်လည်း ဝင်ပြိုင်သည်။ ဆုရတာလည်းရှိသည်၊ မရတာလည်းရှိသည်။
၁၉၆၄ ကိုးတန်းကျောင်းသားအရွယ်တွင် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ဝင်ပြိုင်သည်။ ထိုမှ ပြည်နယ်နှင့်တိုင်း အသက် ၂၀ အောက် ဘောလုံးပြိုင်ပွဲအတွက် မန္တလေးတိုင်းလက်ရွေးစင်တွင် ပဏာမ အရွေးခံခဲ့ရသည်။ သို့သော် လက်ရွေးစင် ၁၈ ဦးတွင်တော့ပါမလာ။ ထို့ကြောင့် မန္တလေးမှ အိမ်ပြန်ရန် ပြင်ဆင်ရသည်။ ထိုအချိန်တွင် အရွေးခံထားရသည့် လက်ရွေးစင်ကစားသမားတစ်ယောက် ကျန်းမာရေးကြောင့် ကျန်ခဲ့ရာ နောက်နေ့တွင် ရန်ကုန်သို့ တစ်ယောက်တည်းလိုက်လာရန် ကြေးနန်းရသည်။
သို့သော် သူကအရန်သက်သက်မျှ။ အုပ်စုတက်ရန် သေချာနေပြီဖြစ်သည့် နောက်ဆုံးပွဲစဥ်တွင် အဓိက ကစားသမားများကိုအနားပေး၍ ကစားခွင့်တစ်ကြိမ်သာရခဲ့သည်။ “အဲသည့်ပွဲ ရှုံးတာပဲ၊ ကစားရ တာလည်း နောက်တန်းမှာကစားရတာ” ဟု အတန်ငယ်စဥ်းစာ၍ ပြောသည်။ နောက်ထပ် ပွဲစဥ်များတွင်လည်း လူးစားထိုး ကစားသမားအဖြစ်ပင် ကစားခွင့်မရခဲ့။
Photo – Mawkun ရရှိခဲ့သည့် ဆုဖလား၊ ဆုတံဆိပ်များနှင့် ပတ်သက်၍ ဦးအေးမောင်ကြီးက ရှင်းပြနေစဉ်။
ကံကောင်းထောက်မစွာပင် မန္တလေးအပြန် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် တည့်တည့်တိုးသည်။ ယခုတစ်ကြိမ်တွင် မန္တလေးမြို့မှ သျှန်ပုဂ္ဂလိကကျောင်းအသင်းတွင် ဝင်ကစားပြီး ဒုတိယအကြိမ် မန္တလေးတိုင်း လက်ရွေးစင်ဖြစ်လာသည်။ ထိုမှတစ်ဆင့် ပြည်နယ်နှင့်တိုင်းပြိုင်ပွဲ၏ အကောင်းဆုံးကွင်းလယ် ကစားသမားဆုနှင့်အတူ နိုင်ငံလက်ရွေးစင်ဖြစ်လာသည်။
မြန်မာ့လက်ရွေးစင် အသိုင်းအဝိုင်း
လက်ရွေးစင်ကစားသမားဘဝ၏ အစောပိုင်းနေ့ရက်များက ကြီးမားသည့် ဘဝစိန်ခေါ်မှုများဟု ဦးအေးမောင်ကြီးက မကြာခဏပြောသည်။ လက်ရွေးစင်အသင်းစီနီယာ ကစားသမားများ၏ ပညာပြခြင်းခံရ၏။ အခန်းဖော်များကပင် စကားမပြော၊ ခပ်တည်တည် ကိုယ့်အထာနှင့်ကိုယ်ဖြစ်သည်။ လေ့ကျင့်ရေး ကွင်းတွင်လည်း ဘောလုံးတွဲမကစားခြင်းများ လုပ်တတ်သကဲ့သို့ တစ်ခါတစ်ရံ လူချခံရသေးသည်။
ပထမတွင်တော့ အထာမနပ်သေးသည့် ဦးအေးမောင်ကြီးတို့လို လူငယ်မျက်နှာသစ်ကစားသမားများ မှာစီနီယာကြီးများ၏ ပြုသမျှနုနေရတော့၏။ ထို့ကြောင့်ပင် ဦးအေးမောင်ကြီး၏ ဗီဇများ မကြာမီ ပေါ်လာ တော့သည်။ “ပထမတစ်ကြိမ်ခံရတာကတော့ ကိုယ်မသိသေးလို့ပေါ့ကွာ။ နောက်တစ်ကြိမ်ဆို သူချကိုယ်ချပဲ” ဟူ၍ လက်ရွေးစင်အသင်း လေ့ကျင့်ရေးကွင်းအတွင်းမှ အတွေ့အကြုံများကို ပြန်ပြောချိန်တွင် သူက ပြုံးနေ တတ်သည်။
ထို့နောက် ၁၉၆၅ ဖိလစ်ပိုင်တွင် ကျင်းပသည့် အာရှလူငယ်လောလုံးပြိုင်ပွဲ ကစားရတော့မည့် အချိန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် တည့်တည့်တိုးလာသည်။ “စဥ်းစားမနေပါဘူး၊ ဖြေလည်း ကျမှာပဲကို” ဟု သူက ခနဲ့တဲ့တဲ့လေသံဖြင့်ပြောသည်။ ယင်းပြိုင်ပွဲတွင် မြန်မာလူငယ်အသင်းနှင့်အတူ ရရှိသည့် ရွှေတံဆိပ်ဆုမှာ ဦးအေးမောင်ကြီး၏ ဘောလုံးသမားဘဝ ပထမဆုံးရွှေတံဆိပ်ဆုဖြစ်သည်။ ထို့အပြင် ထိုပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုပါ ရလိုက်သေး၏။
ထို့နောက် အောင်ပွဲအလီလီရလာသည့် သူတို့ဘောလုံးသမားများကို တော်လှန်ရေးကောင်စီအစိုးရက ချီးမြှင့်ခဲ့သည့်ဆုမှာ ပြည်သူပိုင်သိမ်းထားသည့် အိမ်ခန်းသော့များကို အောင်ပွဲရဘောလုံးသမားများရှေ့တွင် “ကိုယ်ကြိုက်တဲ့အခန်း ကိုယ့်ဘာသာရွေးယူကြ” ဟု ချပေးခြင်းဖြစ်သည်။ သို့သော်လည်း စည်းကမ်းသက်မှတ်ချက် တစ်ခုတော့ရှိသည်။ အခြားမဟုတ်၊ အခန်းယူပိုင်ခွင့်ရှိသူများတွင် လူပျိုများမပါဟု။ ထိုစဥ်က တိုက်ခန်းရသူခြောက်ဦးသာရှိခဲ့သည်။ သို့သော် မည်သူကမျှ စောဒကမတက်။ “စောဒကတက်ရကောင်းမှန်း မသိခဲ့ကြတာ” ဟု သူက ရယ်ရင်းဖြင့်ပြောသည်။
အိမ်ထောင်သည် ဘောလုံးသမားဘဝ
၁၉၆၆ ဘန်ကောက်မှ အာရှဖလားရွှေတံဆိပ်ဆု သိမ်းပိုက်လာခဲ့သည့် မြန်မာဘောလုံးသမားများကို ပြည်သူများက ကြိုဆိုကြသည်။ အစိုးရ ဌာနဆိုင်ရာအသီးသီးမှလည်း ကားလမ်းဘေး ဝဲ၊ ယာ အပြည့် သောင်းသောင်းဖျဖျ။ ထိုစဉ်က လူအုပ်ကြီးမှာ မင်္ဂလာဒုံလေဆိပ်မှ အောင်ဆန်းကွင်းအထိရှိသည်ဟု သူကဆိုသည်။ ထိုအထဲတွင် ရုပ်ရှင်မင်းသမီး၊ အဆိုတော်၊ လှယဥ်ကျေးမယ် စသည့် အလှပဂေးကလေးများ ကလည်း မပါမဖြစ်။ ပန်းကုံးများ စွပ်သူကစွပ်သည်။
သို့သော် ထိုလူအုပ်ကြီးထဲတွင် ကိုအေးမောင်ကြီး၏ နှလုံးသားကိုကိုင်လှုပ်နိုင်သည့် မျက်ဝန်းနက်နက် တစ်စုံရှိလိမ့်မည်ဟု အစောပိုင်းကသူမတွေးမိ။ လမ်းထောင့်တစ်နေရာ “ပညာရေး တက္ကသိုလ်မှ နိုင်ငံဂုဏ်ဆောင်များအား ကြိုဆိုပါသည်” ဆိုသည့် ဆိုင်းဘုတ်ကလေးနှင့် လူအုပ်နားအရောက်တွင်တော့ ကိုအေးမောင်ကြီးမှာ မျက်ဝန်းနက်တစ်စုံ၏ ဆွဲယူဖမ်းစားခြင်းကိုခံလိုက်ရတော့သည်။ တစ်ချိန်က စာတိုက်မှတစ်ဆင့် မိတ်ဆက်စာလာပေးသည့် မည်သည့်မိန်းကလေးကိုမျှ စာတစ်လုံးပင် မပြန်ဘဲ အသည်းမာခဲ့သမျှ ဆရာမလောင်းလျာလေး၏ အကြည့်တွင် အခြေမခိုင်ချင်။
“ဟင်ကနဲ ဟာကနဲပေါ့ကွာ။ ကိုယ့်ဒေသကဆိုတဲ့ခါကျတော့ ဘယ်လိုပြောရမလဲ”ဟု ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်တက်နေသည့် မခင်ဖြူဖြူနှင့် ပထမဆုံးတွေ့ဆုံခန်းကို သူကပြောသည်။ မ ခင်ဖြူဖြူ ဆိုသည်ကလည်း သူစိမ်းမဟုတ်၊ မြစ်ငယ်မြို့သူဖြစ်ပြီး ကလေးဘဝကစားဖေါ် ကစားဖက် သူငယ်ချင်းမလေး ဖြစ်နေသည်။ ထို့ကြောင့်လည်း မျက်လုံးချင်းဆုံသည်နှင့် ပြန်လည်မှတ်မိနေခြင်းဖြစ်သည်ဟု သူကဆိုသည်။ ထိုသို့ဖြင့် ဘောလုံးမကစားရသည့်အချိန်များတွင် ရန်ကုန်ပညာရေးတက္ကသိုလ်၌ ကိုအေးမောင်ကြီး၏ ခြေရာတို့က အထပ်ထပ်။
ထိုသို့ပြန်လည်ပြောပြနေချိန်တွင် ဦးအေးမောင်ကြီးဘေးမှ ဒေါ်ခင်ဖြူဖြူကလည်း “သူ့ကို ဘာမှ မူတာတို့ ဘာတို့မရှိပါဘူး၊ ကိုယ့်တစ်မြို့တည်းသားပဲဆိုတော့” ဟု ဝင်ရောက်ပြောလိုက်ချိန်တွင်တော့ ဦးအေးမောင်ကြီးက သူ့အမျိုးသမီးလက်ကို ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရ၏။
ချစ်၍မျှမဝမီ လွမ်းရချိန်က ရောက်လာသည်။ မခင်ဖြူဖြူ တစ်ယောက် ရမည်းသင်းတွင် အထက်တန်းပြ ဆရာမအလုပ်ရသည်။ သို့သော် ကံကောင်းထောက်မစွာ ရမည်းသင်းတွင် တစ်ချိန်ကဘောလုံးသမား ကျော်ကျော်ဝင်းဆိုသူရှိ နေသည်။ စနေညနေရထားဖြင့် ရမည်းသင်းသွား၍ ကျော်ကျော်ဝင်းအိမ်တွင်အိပ်သည်။ တနင်္ဂနွေညနေရထားဖြင့် ရန်ကုန်ပြန်သည်။
ထိုသို့ဖြင့် ရမည်းသင်းတွင်ပင် လက်မှတ်ထိုးလက်ထပ်ယူဖြစ်လိုက်ကြပြီး ချစ်ဇနီးအား ရန်ကုန်တွင် အလုပ်ရရန် ကြံဖန်ရတော့သည်။ သူ့အကြံမှာ အခက်အခဲကြီးတော့မဟုတ်ပါ။ ယခင်က တစ်ကြိမ်မျှ လေ့ကျင့်ရေး နောက်မကျခဲ့ဖူးသည့် ကိုအေးမောင်ကြီး နောက်ပိုင်းတွင် တနင်္လာနေ့တိုင်းနောက်ကျတော့၏။ ဆရာများက မေးလာလျှင် “မိန်းမဆီသွားတာ” ဟု တိုတိုပြတ်ပြတ်ဖြေသည်။ အခြေအနေကို ရိပ်စားမိသည့် ဆရာများက မခင်ဖြူဖြူကို ရန်ကုန်ဗဟန်းအထက်တန်းကျောင်းသို့ အပြောင်းအရွှေ့ရရန် ကြံဖန်ပေးကြတော့၏။
၁၉၆၉ ဆီးဂိမ်းပြိုင်ပွဲအတွက် ရန်ကုန်ကျိုက္ကဆံကွင်းတွင် အနီးကပ် ကမ့် (Camp) သွင်း နေချိန်ဖြစ်၏။ အမျိုးသမီးမှာ နေ့စေ့လစေ့၊ သို့သော် ဆီးဂိမ်းပြိုင်ပွဲမှာ ရက်ပိုင်းသာလိုတော့သည်။ ဘောလုံးအသင်းမှ တာဝန်ရှိလူကြီးများအား သူ့အခြေအနေကိုပြောသည်။ အမျိုးသမီးအား မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ပေးသည်။ ဆီးဂိမ်းပြီးချိန်အထိ ဖုန်းပင်ဆက်မရ၊ ဆီးဂိမ်းအပြီး အိမ်ပြန်ချိန်တွင်တော့ သူ့အိမ်တွင် သမီးကလေး နှင့် ချစ်ဇနီးက ကျန်းကျန်းမာမာ။

Photo – Mawkun ဦးအေးမောင်ကြီးအား အလုံဆင်မင်းဈေးရှိ နေအိမ်တွင်တွေ့ရစဉ်။
“ငါတို့ခေတ် ဘောလုံးသမားတွေက ပိုက်ဆံတော့ မချမ်းသာဘူး၊ စိတ်တော့ချမ်းသာတယ်ကွ။ ဘောလုံးကို စိတ်ချလက်ချကစား၊ နောက်ပြန်လှည့်ကြည့်စရာမလိုခဲ့ဘူး” ဟု ပြန်ပြောင်းပြောပြသည်။
ကစားသမားဘဝ နေဝင်ချိန်
၁၉၇၄ ၏ တစ်ခုသော ညနေခင်းတွင်ဖြစ်သည်။ သမီးကလေး၏ မွေးနေ့အတွက် တစ်အိမ်လုံးအလုပ်ရှုပ်နေကြ၏။ အိုးသံခွက်သံ၊ မိန်းမကြီးများတီးတိုးသံတို့ဖြင့် စီစီညံနေသည်။ နံနက်အာရုံဆွမ်းနှင့် မွေးနေ့အလှူအတွက် ပြင်ဆင်နေကြသည်။ ထို့အတူ နောက်နေ့တွင် ပထမတန်းပြိုင်ပွဲ ပွဲစဥ်တစ်ပွဲအဖြစ် ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေးတို့ ကစားရမည့် ဘောလုံးပွဲကလည်း ရှိနေသေးသည်။ ထို့ကြောင့် ကိုအေးမောင်ကြီးတစ်ယောက် ရှိသမျှအလုပ်များကို ဇနီးနှင့် အပ်ထားခဲ့ကာ အိမ်ပေါ်ထပ်သို့တက်လာသည်။ ဘောလုံးသမားတစ်ယောက် အိပ်ရေး ဝဝအိပ်ဖို့လိုအပ်သည်။ သူအိပ်ရဦးမည်။
သို့သော် ကောင်းကောင်းအိပ်၍မရ။ အောက်ထပ်မှ အသံဗလံတို့ကြောင့် အိပ်တစ်ဝက်နိုးတစ်ဝက် ဖြင့်သာ မိုးစင်စင်လင်းခဲ့သည်။ နံနက် သမီးလေးမွေးနေ့အတွက် လုပ်စရာရှိသည်များလုပ်ပြီး ဘောလုံးကစားရန် အောင်ဆန်းကွင်းသို့ အေးအေးလူလူထွက်လာခဲ့သည်။ ထိုအချိန်အထိ အရာရာသည် သူ့အတွက် အကောင်းဘက်ကသာ။
ကွင်းလယ်ဒိုင်လူကြီး၏ ဝီစီမှုတ်သံနှင့်အတူ အောင်ဆန်းကွင်းမြက်ခင်းစိမ်းပေါ်တွင် အကြိတ်အနယ် ယှဥ်ပြိုင်ရသည့် ဘောလုံးပွဲမှာ အသက်ဝင်လာသည်။ သူက သူ့ဝသီရှိသည့်အတိုင်း ကွင်းအတွင်း ကစားသမား များကို အော်ဟစ်ကာ အားကြိုးမာန်တက်ကစားနေသည်။
နောက်တန်းကစားသမားထံမှ ဘောလုံးက သူ့ထံရောက်လာသည်။ တန်ပြန်တိုက်စစ်ကို စတင်ဖို့ သူ သူ့အသင်းသားများအခြေအနေကို တစ်ချက်ကြည့်သည်။ သူ့နောက်တွင် ပြိုင်ဘက်ကစားသမားတစ်ယောက် ပြေးလာသည်။ ဘောလုံးကို တိုက်စစ်ပြေးလမ်းကြောင်းထဲပေးပို့ရန် သူ့ခန္ဓာကိုယ်ကိုအလှည့်တွင် သူ့ ညာခြေထောက်ကပါမလာတော့။ အခြေအနေက မြန်ဆန်လွန်းလှသည်။ ရုတ်တရက် ဘာမျှမစဥ်းစားလိုက်နိုင်မီ သူ့ထံလူတွေအုံလာသည်။ နောက်ဆေးမှူးတွေ။ ထိုနေ့ ပွဲအနိုင်အရှုံးကိုပင် သူမသိနိုင်တော့။
“ဘဝမှာ နောင်တအရဆုံးဆိုရင် အဲ့သည့်အချိန်ပဲ။ ညက အိပ်ရေးဝခဲ့ရင် အဲလိုဖြစ်မှာမဟုတ်ဘူး” ဟု ဘောလုံးကစားရင် ဒူးအဆစ်ပြုတ်သွားရပုံကို သူက ပြန်ပြောပြသည်။ ထိုသို့ပြောနေစဥ် သူ့အသံက အနည်းငယ်တိမ်ဝင်နေသည်။ “အသက်က ၂၅ – ၂၆ လောက်ရှိသေးတာ။ အများကြီးလုပ်ချင်သေးတယ်။ လုပ်လည်း လုပ်နိုင်သေးတယ်” ထို့နောက် ခဏ သူတိတ်ဆိတ်နေလိုက်သည်။
“ဒါပေမယ့် ကံပဲပေါ့” ဟု သူကဆိုလေသည်။
ဒူးဒဏ်ရာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် သူ့မိခင်ကလပ်ဖြစ်သည့် ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူကုသပေးခဲ့သော်လည်း ဘောလုံးပြန်ကစားနိုင်လောက်သည့အထိ အခြေအနေက တိုးတက်လာ ခဲ့ခြင်းမရှိတော့။ ယနေ့ခေတ်လို သိပ္ပံနည်းကျ အဆင့်မြင့်ဆေးဝါးကုသမှုမျိုး မရှိခဲ့ခြင်းလည်းပါသည်ဟု ဦးအေးမောင်ကြီးက သူ့ကစားသမားဘဝကို အဆုံးသက်စေခဲ့သည့် ဒူးဒဏ်ရာနှင့် ပတ်သက်၍ သုံးသပ်သည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် အလုပ်လုပ်ရန်လည်း သူစိတ်မကူး။ “ကိုယ်လုပ်တတ်တဲ့ အလုပ်တွေလည်းမဟုတ်ဘူးလေ” ထို့ကြောင့် နည်းပြဘဝကို သူရွေးချယ်ခဲ့သည်။ သူ့ဆရာများ အကူအညီဖြင့် ဂျာမနီတွင် နည်းပြသင်တန်းတက်ခွင့်ရခဲ့သည်။
နည်းပြဘဝ
“သူက ဘောလုံးသမားဖြစ်ကတည်းက ဆရာကြီး၊ ကွင်းထဲမှာ သူ့အသံချည်းပဲ၊ သူမှနည်းပြမဖြစ်လဲ ဘယ်သူဖြစ်တော့မလဲ” ဟု မြန်မာ့လက်ရွေးစင်အသင်းဖော်တစ်ဖြစ်လဲ အဆင့်မြင့်တန်းပြိုင်ပွဲတွင် ပြိုင်ဘက်ကစားသမားတစ်ဦးဖြစ်ခဲ့သည့် ဂိုးတင်အောင်က ဦးအေးမောင်ကြီး၏ နည်းပြဘဝအဖြစ် ရွေးချယ်မှုအပေါ် မှတ်ချက်ပေးသည်။ ဦးအေးမောင်ကြီး ကစားသမားဘဝကတည်းက ဆောက်လုပ်ရေးအသင်းတွင် လက်ထောက်နည်းပြအဖြစ် ဝင်ရောက်လုပ်ဆောင်ခဲ့သည်ကလည်း ကစားသမားဘဝမှ အနားယူချိန်တွင် အထောက်အကူဖြစ်ခဲ့သည်ဟု သူကဆိုသည်။
နည်းပြအဖြစ်အသက်မွေးဝမ်းကြောင်းပြုရန် ဂျာမနီတွင် နည်းပြသင်တန်းတက်ရောက်ခဲ့စဉ်က အတွေ့ အကြုံကို ဦးအေးမောင်ကြီးက အခုလိုရှင်းပြသည်။
“ကိုယ်က အင်္ဂလိပ်လိုလည်း သိပ်ပြောတတ်တာမဟုတ်ဘူး၊ စာမေးပွဲဖြေတော့ သူ့တို့ကိုပြောတယ်၊ ဘောလုံးစကားနဲ့ ပြောလို့ရလားဆိုတော့ ရတယ်တဲ့။ အဲဒါနဲ့ ကျောက်သင်ပုန်းပေါ်မှာဘဲ ကိုယ်သိတဲ့ ဘောလုံးစကားလုံးတွေနဲ့ သိထားတဲ့ သီအိုရီတွေ ရှင်းပြပေးလိုက်တာ သင်တန်းဆင်းတော့ Grade A နဲ့ သင်တန်းဆင်းလက်မှတ်ရလာတယ်”
ထို့နောက် ပါကစ္စတန်တွင် FIFA က ပြုလုပ်သည့် နိုင်ငံတကာတွင် နည်းပြလုပ်နိုင်ခွင့်ရှိသည့် Diploma of Football Instructor သင်တန်းကို ၁၉၈၂ တွင် တက်ရောက်အောင်မြင်ခဲ့သော်လည်း ပြည်ပတွင် နည်းပြလုပ်ရန် တစ်ခါမျှမစဉ်းစားခဲ့ဖူးဘဲ လက်ရွေးစင်အသင်းနည်းပြအဖြစ်သာ ၁၉၈၇ အထိ တာဝန်ယူခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အပြောင်းအလဲပြီးနောက် မန္တလေးတိုင်း အား/ကာတွင် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက်ပိုင်း မြန်မာ့လက်ရွေးစင်အသင်းတွင် ၁၉၉၈ -၂၀၀၂ အတွင်း ပြန်လည်တာဝန်ယူခဲ့ပြီး လက်ရှိတွင် နည်းစနစ်အကြံအပေးအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် တာဝန်ယူလျက်ရှိသည်။
သို့သော် ဦးအေးမောင်ကြီးက သူ့ကစားသမားဘဝနှင့် နည်းပြဘဝအပေါ် “နည်းပြလုပ်ရတာက ကိုယ်တိုင်ဝင်ကန်တာလောက် အားမရပါဘူးကွာ” ဟုဆိုသည်။
ခေတ်တွေကခြားနားသွားခဲ့ပြီ
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အာရှတစ်ခွင် ဘုန်းမီးနေလ ထွန်းတောက်ခဲ့စဉ်က မြန်မာကစား သမားများကို အဓိကမွေးထုတ်ပေးခဲ့သည်က အဆင့်မြင့်တန်းဘောလုံးပြိုင်ပွဲမှ ဝန်ကြီးဌာနအသင်းများဖြစ်သည်။ မြန်မာဘောလုံးရွှေခေတ်ဟု ခေါ်ကြသည့် ၁၉၆၀ ကျော် ၇၀ နှစ်များအတွင်း ထိုပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင်ကစားသမားများကို အသင်း တစ်သင်း၊ နှစ်သင်းကသာ အဓိက ရွေးချယ်ကြသည်မဟုတ်။ အသင်းတိုင်းလိုလိုတွင် လက်ရွေးစင်အဆင့် ကစားသမားများရှိကြသည်ဟု လက်ရွေးစင်တွင် ရွှေတံဆိပ်ဆု အများဆုံးရရှိထားသည့် ဂိုးတင်အောင်က ပြောသည်။
“ငါတို့တုန်းကတော့ လိဂ်မှာရှိသမျှ အသင်း ၁၄ သင်းလုံးမှာ လက်ရွေးစင်အဆင့်ရှိတဲ့ ကစားသမားတွေ ရှိတယ်။ ဒါက ဒီနေ့ခေတ်နဲ့ အဓိက ကွာခြားသွားတာပဲ” ဟု သူက သုံးသပ်သည်။
“လိဂ်နားသွားရင်တောင် နယ်တွေသွားပြီး ပြည်နယ်၊ တိုင်းလက်ရွေးစင်တွေနဲ့ ခြေစမ်းပွဲ ပတ်ကန်တာ၊ တစ်နှစ်လုံး နားချိန်မရှိဘူး”
ဦးအေးမောင်ကြီးက ယနေ့ခေတ် မြန်မာ့ဘောလုံးသမားများနှင့် ပတ်သက်၍ “ဒီနေ့ အခြေအနေကတော့ ကစားသမားတစ်ယောက် အသင်းတစ်သင်းမှာ ခြေစွမ်းလေးကောင်းလာရင် ပိုက်ဆံရှိတဲ့အသင်းက လစာပိုပေးပြီးခေါ်လိုက်တယ်။ အဲ့သလို ကစားသမားလေးတွေ အရန်ခုံမှာထိုင်နေရတော့ လက်ရွေးစင်အသင်း နည်းပြတွေမှာ ရွေးစရာလူက မရှိတော့သလောက်ပဲ” ဟု သုံးသပ်သည်။
ဆောက်လုပ်ရေးအသင်း၏ အသင်းခေါင်းဆောင်ဖြစ်သည့် ဦးအေးမောင်ကြီးအား ဘဏ္ဍာအခွန်အသင်းက ဆောက်လုပ်ရေးတွင်ရသည့်ရာထူးထက် များစွာသာလွန်သည့်ရာထူးမျိုးဖြင့် ကမ်းလှမ်းလာသည်။ “ခေတ်စကားနဲ့ပြောရရင် သူဌေးဖြစ်မယ့် အခွင့်အရေးပဲကွ” ဟု ထိုခေတ်က ဘောလုံးသမားတစ်ဦး ကစားသမားဘဝမှ အနားယူပါက သက်ဆိုင်ရာ ဝန်ကြီးဌာနတွင် အရာရှိအနေဖြင့် အလုပ်ပြန်ဝင်ခွင့်ရှိနေသည်ကို သူက ရည်ရွယ်၍ ပြောသည်။ သို့သော်လည်း ထိုသို့ ပြိုင်ဘက်အသင်းကို မပြောင်းသည့်အတွက် နောင်တမရ၊ ဘောလုံးကစားသည် ကို စိတ်ဓါတ်ဖြင့်သာ ကစားခဲ့ သည်ဟု ဆိုသည်။
“ဒီနေ့ခေတ်မှာ ငွေက အရမ်းစကားပြောသွားတယ်၊ ဘောလုံးကို ရူးသွပ်ပြီး အသင်းကိုချစ်တဲ့စိတ်နဲ့ ကစားတယ်ဆိုတာက ရှားသွားပြီ၊ ခေတ်အခြေအနေ မတူတာလည်းပါတာပေါ့” ဟု ဦးအေးမောင်ကြီးက သူတို့ခေတ်နှင့် ယနေ့ခေတ် အခြေအနေအား နှိုင်းယှဉ်ပြသည်။
ထိုသို့ ဘဝတစ်ခုလုံး ဘောလုံးတစ်ခုတည်းတွင်ရင်းနှီးမြှပ်နှံခဲ့သည့် ဦးအေးမောင်ကြီးမှာ လက်ရှိတွင် သမီးလေးဦးရှိပြီး မြေးနှစ်ယောက်နှင့် ဖိုးဖိုးအရွယ်ပင်ရောက်နေပြီဖြစ်သည်။ သူက သူ့ပညာများအား အမွေဆက်ခံမည့် သားယောက်ျားလေး၊ မြေးယောက်ျားလေး မရှိသည့်အတွက် အားမလိုအားမရ ဖြစ်နေသေးသည်။ သို့သော် လက်ရှိအချိန်အထိ မြန်မာဘောလုံးလောကအတွက် တတ်စွမ်းသည့်ဘက်မှ လုပ်နိုင်သမျှလုပ်ချင်သေးသည်ဟုလည်း သူကဆိုသည်။
မြန်မာ့ဘောလုံးရွှေခေတ်မျိုးဆက်နောက်ပိုင်း နိုင်ငံတကာဘောလုံးပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် အသင်း ပြတ်ကျန်ခဲ့ရသည့်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းရာတွင် “ငါ့အမြင်ကတော့ စီမံခန့်ခွဲမှုလွဲတာပေါ့။ ၁၉၇၅ လောက်မှာ ရွှေခေတ်ကစားသမားတွေအကုန်နားပြီး မျိုးဆက်သစ်တွေနဲ့ အပြောင်းအလဲလုပ်တယ်။ အဲဒီမှာ လူသစ်ကလူသစ်ပဲ။ တစ်ဖြည်းဖြည်းချင်း ပြောင်းလဲရမယ့်နေရာမှာ ကကြီးကစလို့ အအထိ အကုန်ပြောင်းလိုက်တာ။ နောက်ပြီး အရင်က မြန်မာလိဂ်မှာ လိဂ်ပြိုင်ပွဲ စတုတ္ထတန်းအထိ အသင်းပေါင်း (၅၀) လောက်အထိရှိတဲ့ခါကျတော့ ကစားသမားကောင်းတွေ စိတ်ကြိုက်ရှာလို့ရတာတယ်။ နောက်ပိုင်းမှာ မြန်မာလိဂ်အသင်းတွေ ပျောက်ကုန်တာလည်း ပါတာပေါ့” ဟု သူက သုံးသပ်ပြီး ဘောလုံးအကယ်ဒမီများနှင့် စနစ်တကျလုပ်ဆောင်နေသည့် ထိုင်းဘောလုံးအားကစားနှင့် ယှဉ်ထိုးပြသည်။
ယနေ့ကာလ မြန်မာအသင်းအနေဖြင့် ထိုင်းကို အနိုင်မရနိုင်သည့်အပေါ်သူက “ထိုင်းတွေ တိုးတက်လာတာလက်ခံတယ်။ ဒါပေမယ့် ကိုယ်တွေကိုယ်တိုင်က မတိုးတက်လို့ကျန်ခဲ့တာကွ” ဟု မချိတင်ကဲ ပြောသည်။ မြန်မာ့ဘောလုံး အာရှတွင် ပြန်လည်ထွန်းတောက်နိုင်ဦးမည်လားဟု မေးမြန်းကြည့်ရာတွင်တော့ အသက် ၇၀ ကျော်ဘက်ကို ရောက်လာပြီဖြစ်သည့် သူက အခုလိုပြောသည်။
“ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ငါတော့ မမြင်ရလောက်တော့ပါဘူးကွာ”
#Profile

