တစ်ကမ္ဘာလုံးနှင့် တစ်ယောက် အပိုင်း(၁)

တစ်ကမ္ဘာလုံးနှင့် တစ်ယောက် အပိုင်း(၁)

  Photo : Thet Oo Mon

၂၀၁၅၊ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၂)မှ ပုံရိပ်လွှာဆောင်းပါးဖြစ်သည်။

ကျော်ဇေယျာထွန်း ရေးသည်။(kzyh@mawkun.com)

     (၁)

          မန္တလေး၊ အိုးဘိုထောင်၏ ထောင်ဘူးဝရှေ့သို့ ဗင်ကားတစ် စီးထိုးရပ်လိုက်သည်နှင့် ထောင်တံခါးသည် တဂျိမ်းဂျိမ်းမြည်ကာ ပွင့်လာလေသည်။ ကားသည် ထောင်ဝင်းထဲသို့ တဖြည်းဖြည်း ချင်း လှိမ့်ဝင်လာသည်။ ထောင်ဝင်းအတွင်းသို့ ကားတစ်စီးလုံး ရောက်လာသည့်အခါ ထောင်ဘူးဝတံခါးလည်း တဂျိမ်းဂျိမ်းမြည် ကာ ပြန်ပိတ်သွား၏။

          ထိုအခိုက်မှာပဲ ကားပေါ်မှလူတစ်ယောက်ဆင်းလာသည်။ ထိုသူ ကားပေါ်မှဆင်းလိုက်သည်နှင့် ဘောင်းဘီအရှည်ဝတ်ထားသော ထောင်ဝန်ထမ်းတချို့ သူ့အနားသို့ ဝိုင်းလာသည်။ လူနှစ်ယောက်က လက်မောင်းတစ်ဖက်စီကို ဆုပ်ကိုင်လိုက်သည်။ နောက်တစ်ယောက်က သူ့ခေါင်းကို အနက်ရောင် အစွပ်တစ်ခုဖြင့် စွပ်ချလိုက်၏။

          ခေါင်းကို အစွပ်ခံလိုက်ရခြင်းကြောင့် သူ့စိတ်ထဲတွင် သူ့ကို ဝိုင်းအုံထိုးကြိတ်တော့မလားဟု ထင်လိုက်သည်။ သို့သော် လက်မောင်းတစ်ဖက်တစ်ချက်ကိုကိုင်ထားသော လူနှစ်ဦးက သူ့အား ဆွဲခေါ်ရုံဆွဲခေါ်သွားသည်။ ခေါင်းကို အစွပ်စွပ်ထားခြင်းကြောင့် လမ်းကိုတော့ ကောင်းကောင်း မလျှောက်နိုင်။ စမ်းတဝါးဝါးနှင့်သာ မှန်းဆကာသွားနေရသည်။

          လက်မောင်းကို ကိုင်ထားသော ဝန်ထမ်းများက လမ်း လျှောက်တာနှေးကွေးသည့် သူ့ကို စိတ်မရှည်သဖြင့် အော်ငေါက် ကာ အတင်းဒရွတ်တိုက်ဆွဲခေါ်သည်။ အခန်းထဲသို့ရောက်သော အခါ လက်မောင်းမှကိုင်ပြီး ကြမ်းပြင်ပေါ်သို့ ဘတ်ခနဲပစ်ချ လိုက်သည်။ ခေါင်းစွပ်နှင့် လူသည် ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားလေ၏။

          သူ့ကိုလိုက်ပို့သော သူများက “နောက်ကို လှည့်မကြည့်နဲ့”၊  “နောက်ကို လှည့်မကြည့်နဲ့” ဟု အော်ငေါက်ကာ ခေါင်းစွပ်ကို ချွတ်လိုက်သည်။

          “နောက်လှည့်မကြည့်နဲ့၊ ရှေ့ကြည့်၊ ရှေ့ကြည့်”ဟု ထပ်အော်ပြီး အခန်းသံတံခါးပိတ်သံ ‘ဝုန်း’၊ ‘ဒိုင်း’မြည်သံကြားလိုက်ရသည်။ သံတံခါးပိတ်ပြီးသည့်နောက် သစ်သားတံခါးကို ပိတ်လိုက် သံကြားလိုက်သည်။ ပြီးတော့မှ ‘ကြည့်လို့ရပြီ’ဟု ထောင်ဝန်ထမ်း များက လှမ်းအော်သည်။ သူလှည့်ကြည့်လိုက်သည့်အခါ ဘယ် သူမှမရှိတော့။ အခန်းထဲတွင် သူက တစ်ယောက်တည်း။

          ခဏကြာတော့ ဦးမှိုင်းဆိုသည့် အကျဉ်းသားတစ်ဦး သူ၏အခန်းရှေ့သို့ရောက်လာသည်။ သူ့ကိုမြင်သောအခါ ဦးမှိုင်းက        “ခေါင်းတုံးကြီးနဲ့ ဘုန်းကြီးလား၊ လူလား”ဟုမေး၏။ “ဦးဇင်းပါ”ဟု ပြန်ဖြေလိုက်သောအခါ ဦးမှိုင်းသည် လက်အုပ်ချီလျက်…

          “တင်ပါ့၊ ဘာအမှုတုံး ဘုရား”

          “ဒီလိုပဲ တရားဟောလို့”ဟု ဦးပဉ္ဇင်းက ပြန်မိန့်၏။

          သို့ဖြင့် ဦးပဉ္ဇင်းအကြောင်းနှင့် အပြင်လောကတွင် ဖြစ် ပျက်နေသည့် အခြေအနေတို့ကို စုံစမ်းမေးမြန်းကြသည်။ အပြန် အလှန် မိတ်ဆက်ကြသည်။ မန္တလေးမြို့၊ အိုးဘိုထောင်သို့ ညနေ အချိန်တွင် အကျဉ်းသားအဖြစ်ရောက်လာခဲ့သည့် ဦးပဉ္ဇင်းမှာ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ စာချကိုယ်တော်တစ်ပါးဖြစ်သည်။ ပုဒ်မငါးခုဖြင့် တရားစွဲခံရပြီး ထောင်ဒဏ် ၂၅နှစ် အပြစ် ပေးခံရခြင်းဖြစ်သည်။

          သူ၏အမည်ကား ယနေ့အချိန်တွင် နိုင်ငံတကာသတင်း မီဒီယာများပေါ်တွင် “အစွန်းရောက်ဘုန်းကြီး”၊ “မွတ်ဆလင်မုန်းတီးရေးတရားများကို လိုက်လံဟောကြားနေသော ဘုန်းကြီး”၊     “မြန်မာပြည်ရဲ့ ဘင်လာဒင်”စသဖြင့် ဝေဖန်ခံနေရသည့် ဦးပဉ္ဇင်း ဦးဝီရသူပင်ဖြစ်သည်။

          သို့သော် အိုးဘိုထောင်ထဲကို ထိုအချိန်က ရောက်လာသည့် ဦးဝီရသူသည် နောင်ဆယ်စုနှစ်တစ်ခုကျော်လောက်မှာ “မျိုးချစ်စိတ်ဓာတ် ပြင်းထန်ပိုကဲသော ဦးပဉ္ဇင်းတစ်ပါး”ဖြစ်လာလိမ့်မည်ကိုတော့ မည်သူမှ မှန်းဆနိုင်ခဲ့ကြမည်မဟုတ်ပါ။

ယခု မန္တလေး၊ အိုးဘိုထောင်ထဲသို့ ဦးပဉ္ဇင်း ဦးဝီရသူ ရောက်လာသည့်အခါ တခြားသောနိုင်ငံရေးအကျဉ်းသားများကလည်း လာရောက် တွေ့ဆုံကြပြီး အားပေးစကားများ ပြောကြ သည်။

ထိုအထဲတွင် ဦးမှိုင်းက ရှေ့ဆုံးကဖြစ်သည်။

”တပည့်တော်လည်း နိုင်ငံရေးအမှုနဲ့ကျတာ ၁၄နှစ်ရှိပါပြီ။ ဦးဇင်းအားမငယ်နဲ့” ဟူ၍ပင် အားပေးစကားပြောလိုက်သေး သည်။ ထိုသို့အားပေးသံကြားရသည့်အခါ ဦပဉ္ဇင်းမှာအနည်းငယ် အားတက်သွားသည်။ ပြီးတော့ ထောင်မှ တန်စီးတစ်ယောက် ထပ်မံရောက်လာပြီး မိတ်ဆက်ပြန်သည်။

”ဦးဇင်း အားမငယ်နဲ့ တပည့်တော်လိုအပ်တာ အကုန်လုပ် ပေးမယ်”ဟုဆိုသည်။ ထိုတန်းစီး၏ ညီဖြစ်သူမှာ မန္တလေးမြို့ မစိုး ရိမ်ကျောင်းတိုက်မှဖြစ်ပြီး ဦပဉ္ဇင်း၏ တပည့်လည်းဖြစ်၏။ ထိုသို့ နှုတ်ဆက်စကား၊ အားပေးစကားဆိုလာကြသောကြောင့် ဦးပဉ္ဇင်းစိတ်ထဲ ”ဘယ် ရောက်ရောက် မိတ်ကောင်းဆွေကောင်း နဲ့တွေ့ပါလား”ဟု တွေးနေမိသည်။

ဦးပဉ္ဇင်း၏အခန်း သံတံခါးအပြင်ဘက်တွင် ထုံးဖြူဖြူ သောက်ရေအိုးတစ်လုံးရှိသည်။ သောက်ရေအိုးတွင် ရေညှိများ လည်း ကပ်နေသည်။ ရေအိုးအဖုံးနှုတ်ခမ်းမှာ ပဲ့၍နေ၏။ ကော် သောက်ရေခွက်မှာလည်း စုတ်ပြတ်ကာနေသည်။ ထို့ကြောင့် ယင်းသောက်ရေအိုးမှ ရေကို သောက်ရန် ဦးပဉ္ဇင်း၏စိတ်ထဲတွင် မသတီသလိုဖြစ်နေသည်။ ရေဆာလောင်နေသည့်တိုင် ဦးပဉ္ဇင်း သည် အောင့်ကာနေခဲ့သည်။ ထို အခြေအနေကို ကြိုတင်သိ၍ လည်း ထောင်ထဲသို့မလာခင် အပြင်၌ ရေအဝသောက်ခဲ့သေးသည်။

ထိုနေ့က ဦးပဉ္ဇင်းထပ်မံတွေ့ကြုံရသည့် နောက်ထပ်အခက် အခဲတစ်ခုမှာ ညအိပ်ရာဝင်သည့်အခါ ကြုံရသည့် ခြင်ကိုက်ခြင်း ပင်ဖြစ်သည်။ ပထမတော့ ခြင်ကိုက်သက်သာလေမလားဆိုသော အတွေးဖြင့် ထောက်လှမ်းရေးက ပေးလိုက်သော အိပ်ရာခင်းပါး ပါးလေးကို အခန်းသံဆန်ခါပေါက်တွင် သွားကာလိုက်သည်။ သို့ သော် ထောင်ဝန်ထမ်းများတုတ်ကိုယ်စီဆွဲကာ ပြေးလာပြီး ဆဲဆို အော်ဟစ်ကာ ပြန်ဖြုတ်ခိုင်း၏။

ထိုညအဖို့ ဦးပဉ္ဇင်းတွင် ခေါင်းအုံးမရှိ၊ ခြုံစောင်မရှိ။ တစ်ရှူးလိပ်ကိုသာ ခေါင်းအုံးလုပ်၊ ပုဆိုးကို စောင်အဖြစ်ခြုံကာ တစ်ညလုံးကွေးပြီး အိပ်လိုက်ရသည်။ မနက်မိုးလင်းတော့ ဗိုက် က ဆာလာသည်။ ရေကလည်း ငတ်လာသည်။ သောက်ရေအိုးကို ကြည့်သည်။ သောက်ချင်စိတ်မရှိ။ သို့သော် အာခေါင်များက ခြောက်ကပ်နေသည်။ ဦးပဉ္ဇင်းစိတ်ထဲ ဒီလိုပုံစံနှင့် တစ်သက်လုံးဘယ်လိုရင်ဆိုင်ရပါ့မလဲလို့လည်းတွေးနေမိသည်။ မနေနိုင် တော့သည့်အဆုံး ရေငတ်ငတ်ဖြင့် သောက်ရေအိုးက ရေတစ်ခွက် ကိုခပ်ကာ သောက်ပစ်လိုက်၏။

”ကောင်းလိုက်တာဗျာ။ အရသာရှိလိုက်တာ။ လေးလေး ပင်ပင်နဲ့”ဟု ရေငတ်ငတ်ဖြင့်သောက်ခဲ့ရသော မသတီစရာ သောက်ရေအိုးမှ ရေတစ်ခွက်၏ အရသာကို ဦးဝီရသူက ပြန်ပြော ပြသည်။

အိုးဘိုထောင်ထဲသို့ရောက်လာသော ဦးဝီရသူ၏ ဘဝ ဇာတ်ကြောင်းကား ဘယ်လိုပါလဲ။ ဘာကြောင့် ထောင်ထဲရောက် ခဲ့ရပါသလဲ။

(၂)

တစ်ချိန်တွင် မြန်မာမှာသာမက ကမ္ဘာမှာပါ လူအများ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံရလောက်အောင် မျိုးချစ်စိတ်၊ ဘာသာ ချစ်စိတ် ပြည့်လျှံမို့မောက်သော ဦးဝီရသူ၏ ငယ်ဘဝကား ကြမ်း ရှလှသည်။

သူ့ကိုမွေးသည့်နေရာက မြန်မာနိုင်ငံကို ၁၇ နှစ်ကြာ စစ် အာဏာရှင်တစ်ယောက်အဖြစ်အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေ၏ ဇာတိဖြစ်သည့် မြန်မာပြည်အလယ်ပိုင်းက ကျောက်ဆည်တွင်ဖြစ်သည်။ အတိအကျဆိုရလျှင် ကျောက်ဆည်မြို့ က ဆေးရုံတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ အချိန်က ၁၉၆၈ ခုနှစ်၊ ဇွန် ၂၆ ရက်။

မွေးချင်းမောင်နှမ ရှစ်ယောက်ရှိသည့်အနက် ဦးပဉ္ဇင်းက ဒုတိယမြောက်သားဖြစ်သည်။ ဦးပဉ္ဇင်း၏ဖခင်ဦးခင်မောင်ဝင်းမှာ ဧရာဝတီတိုင်း၊ ကျုံမငေးမြို့ဇာတိဖြစ်သည်။ စက်မှုလယ်ယာဌာန တွင် အစိုးရဝန်ထမ်းဖြစ်ကာ လယ်ထွန်စက်မောင်းသူတစ်ဦး ဖြစ်၏။ ဦးခင်မောင်ဝင်းသည် ကျောက်ဆည်မြို့သို့ပြောင်းရွှေ့ခဲ့ စဉ် ဒေါ်တင်တင်ဦးနှင့် အိမ်ထောင်ကျကာ ဦးပဉ္ဇင်းတို့အား မွေး ဖွားခဲ့ခြင်းဖြစ်သည်။

ဦးပဉ္ဇင်းလောင်းကို မွေးပြီးနောက် ဧရာဝတီတိုင်း ကျုံ မငေး၊ မြောင်းမြ၊ ဝါးခယ်မမြို့များသို့ ဖခင်ဖြစ်သူ ထပ်မံပြောင်းရွှေ့ ခဲ့ရာ ဦးပဉ္ဇင်းတို့လည်း လိုက်ပါသွား၏။ ဦးပဉ္ဇင်းကိုယ်တိုင်လည်း မြောင်းမြမြို့တွင် သူငယ်တန်းတစ်နှစ်နေခဲ့ဖူးလေသည်။ ယင်း နောက် ဦးခင်မောင်ဝင်းသည် အစိုးရဝန်ထမ်းမှအနားယူကာ ကျောက်ဆည်မြို့တွင် အခြေချနေထိုင်ဖို့အတွက် အပြီးပြောင်းရွှေ့ လာခဲ့တော့သည်။

ဝန်ထမ်းဘဝတွင် မိသားစုစီးပွားရေးချောင်ချောင်လည်လည်ရှိသော်လည်း အငြိမ်းစားယူသည့်အချိန်တွင် မိသားစုဦးရေ ဆယ်ဦးအထိ ရှိလာသောကြောင့် စားအိုးကကြီးလာသဖြင့် ကျောက်ဆည်ရောက်သည့်အချိန်တွင် မိသားစုစီးပွားရေးက ကျပ်တည်းကာနေသည်။ ထိုအချိန်တွင် ဦးခင်မောင်ဝင်းသည် ကြုံရာကျပန်းလုပ်ကာ မိသားစုကို ကျွေးမွေးစောင့်ရှောက်ခဲ့ရ သည်။

”အဖေက ဆိုက်ကားနင်းတယ်။ ရေစည်လှည်းတွန်းတယ်။ ဦးပဉ္ဇင်းက အဖေကို ဝိုင်းကူရတယ်”ဟု ငယ်စဉ်အချိန်က မိသား စု စီးပွားရေးအခြေအနေကို ဦးပဉ္ဇင်း ဦးဝီရသူက ပြောပြသည်။

ဦးပဉ္ဇင်း ကျောင်းသားဘဝ တစ်တန်းမှ ရှစ်တန်းအထိ ဖခင်အား ထိုသို့ ဝိုင်းကူပေးရလေသည်။ ထို့ကြောင့်လည်း ကျောင်းသားဘဝတွင် ပိုက်ဆံရှိသူတို့၏ သားသမီးများကဲ့သို့ ကျူ ရှင်တက်ရခြင်း၊ ကျောင်းစာကို အချိန်ပေးကျက်နိုင်ခြင်း စသည့် အခွင့်အရေးတို့ကို ဆုံးရှုံးခဲ့ရသည်။

ငယ်စဉ်က ဦးပဉ္ဇင်းဖြစ်ချင်ခဲ့သည်က စာရေးဆရာဖြစ် သည်။ စာရေး၊ စာဖတ်လည်း ဝါသနာပါခဲ့သည်။ ကျောင်းသားဘဝ တုန်းက စာစီစာကုံးပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆု များပင်ရခဲ့ဖူးသည်။ ကျောင်းထဲတွင် စာစီစာကုံးရေးသားခြင်း၌ နာမည်ကြီးခဲ့သည်။ ချီးကျူးခြင်းခံခဲ့ရ၏။

ထိုစဉ်က ရေးသားခဲ့သည့် အကြောင်းအရာများမှာ မိသား စုအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတို့ဖြစ်လေသည်။ မိသားစုအကြောင်းကိုရေးဖွဲ့ရာတွင် လွမ်းအောင်ရေးဖွဲ့နိုင်ခဲ့ သည်။ သို့သော် ဗိုလ်ချုပ်အကြောင်းတွင် အရေးအသားကောင်း သော်လည်း အချက်အလက်သိပ်မရှိသဖြင့် သူ့အဆို ‘ငွေကြေး တတ်နိုင်သည့် ပညာတတ်အသိုင်းအဝိုင်းက ကျောင်းသူ၊ ကျောင်းသားများနှင့် မယှဉ်နိုင် ဖြစ်ခဲ့ရသည်’ဟုဆိုပါသည်။

ဦးပဉ္ဇင်း နှစ်တန်းကျောင်းသားဘဝက မှတ်မှတ်ရရဖြစ်ခဲ့ တာတစ်ခုရှိသည်။ ကျောင်းသို့ မြို့နယ်ပညာရေးမှူးကဲ့သို့သော လူကြီးများ လာရောက်စစ်ဆေးသည့်အခါ ကျောင်းသားများကို အထွေထွေဗဟုသုတမေးခွန်းများ မေးတတ်ကြသည်။ ယင်းသို့ မေးသည့်အခါတွင် ဦးပဉ္ဇင်းမှလွဲ၍ သုံးတန်း၊ လေးတန်းကျောင်း သားများလည်း မဖြေနိုင်ဖြစ်တာမျိုးကြုံခဲ့ဖူးသည်။ လူကြီးများက ‘မဖြေနိုင်လည်းရတယ်။ ဘာမှ စိတ်အားမငယ်နဲ့’ဟုဆိုကာ ဗဟု သုတများ မေးခြင်းဖြစ်သည်။

ထိုစဉ်က မေးခွန်းများမေးခံရ၍ ပြန်လည်ဖြေကြားခဲ့ပုံကို ဦးပဉ္ဇင်းက ယခုလို ပြန်လည်မိန့်ကြားသည်။

”အုပ်ချုပ်တဲ့အစိုးရဲ့ ပါတီနာမည်မေးတယ်။ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ(မ.ဆ.လပါတီ)။ သူ့အောက်မှာ ဘယ်လိုအရန် အင်အားတွေရှိလဲ။ လမ်းစဉ်လူငယ်၊ တေဇလူငယ်၊ ရှေ့ဆောင်လူ ငယ်။ ပါတီဥက္ကဋ္ဌဘယ်သူလဲ။ ဦးနေဝင်းပါ”

ယင်းသို့ပြန်လည်ဖြေကြားနိုင်ခြင်းမှာ မှတ်ဉာဏ်ကသူလိုကိုယ်လိုဖြစ်သော်လည်း ပိုမိုကြိုးစားမှုနှင့် စာဖတ်ဝါသနာပါကာ စာကိုပိုမိုဖတ်ခြင်းကြောင့်ဟု ဦးပဉ္ဇင်းက မိန့်ဆိုသည်။ ထို့ပြင် ကျောင်းနှင့် အိမ်သို့သွားသည့် လမ်းတွင်လည်း မ.ဆ.လပါတီရုံး ကို နေ့စဉ်မြင်နေရခြင်းကြောင့်လည်း ဖြစ်သည်။

(၃)

သည်လိုနှင့် သာသနာ့ဘောင်ထဲဝင်ရောက်မည့် အချိန် အခါသို့ ရောက်လာသည်။

ဦးပဉ္ဇင်းး အသက် ၁၆ နှစ်အရွယ်မှာ ရှစ်တန်းစာမေးပွဲဖြေပြီး သည့် နောက်နေ့တွင် သင်္ကန်းစည်းခဲ့သည်။ ဦးပ္တွ္ဇင်းတွင် သင်္ကန်း စည်းချင်သည့် စိတ်ဖြစ်ပေါ်ခဲ့သည်မှာ လေးတန်းကျောင်းသား ဘဝတည်းကဖြစ်၏။ ပုတီးမြင်လျှင် စိပ်ချင်သည်။ ဘုရားမြင်လျှင် ရှိခိုးချင်သည်။ သင်္ကန်းမြင်လျှင် ဝတ်ချင်သည်။

သို့သော် ဖခင်ဖြစ်သူက ခွင့်မပြု။ ကျောင်းပြီးအောင်တက် စေချင်သည်။ ဘွဲ့တစ်ခုရစေချင်သည်။ မည်သို့ပင်ပူဆာသော် လည်း ခွင့်မပြုသဖြင့် သင်္ကန်းစည်းချင်သည့် စိတ်ကို မျိုသိပ်ကာ နေခဲ့သည်။ ဦးပဉ္ဇင်း၏ ဖခင်ဖြစ်သူက သူ့အမျိုးတွေအပေါ် မာန ထားသည်။ အလှူကြီးအတန်းကြီး မပေးနိုင်၊ ရှင်မပြုနိုင်ခြင်းများ ကြောင့်လည်း သင်္ကန်းစည်းပေးဖို့ ကြန့်ကြာနေခြင်းဖြစ်သည်။

ထို့ကြောင့် ရှစ်တန်းစာမေးပွဲဖြေဆိုပြီးနောက်နေ့တွင် အမေဖြစ်သူ၏ မောင်ရင်းဖြစ်သော ဆရာတော်ကြီးရှိရာ ရိပ်သာ တွင် သင်္ကန်းစစည်းခဲ့သည်။ ပထမတွင် ခဏဝတ်မည်ဟု ရည် ရွယ်သည့် စိတ်လေးဖြစ်ပေါ်လာသေးသည်။ သို့သော် သာသနာ့ ဘောင်၏ ငြိမ်းအေးချမ်းသာမှုကို ခံစားလိုက်ရသည့်အခါတွင် အမြဲနေဖို့ရန် ဆုံးဖြတ်ခဲ့လေတော့သည်။

ထိုသို့အမြဲဝတ်ရန်ဆုံးဖြတ်လိုက်သည်ကို ဖခင်ဖြစ်သူနှင့် မိခင်ဘက်မှ ဆွေးမျိုးများကလည်း တားကြသေးသည်။ ကျောင်း ပြန်မတက်တော့သဖြင့် ဖခင်ဖြစ်သူက ဒေါသထွက်၏။ အနားရှိ တိုင်ကို လက်သီးနှင့် ထိုး၏။ ဆယ်တန်းကိုပြီးအောင်ဖြေစေချင်သည်။ ပညာရေးတစ်ပိုင်းတစ်စဖြင့် ဟိုမရောက်၊ ဒီမရောက် မဖြစ်စေလို။

သို့သော် ဦးပဉ္ဇင်းက ဆုံးဖြတ်ထားပြီးဖြစ်ရာ အဖေကို တော်လှန်သည့် စကားတစ်ခွန်းပင်ဆိုခဲ့သေးသည်။ ”ကျွနု်ပ်ရဲ့ ရည်ရွယ်ချက်ကို သကြားမင်းဆင်းဖျက်တာတောင် မဖျက်ဘူး” လို့ ပြောခဲ့သေးသည်။ အမေဖြစ်သူကတော့ ဦးပဉ္ဇင်း၏ သဘော အတိုင်းသာဖြစ်သည်။

ထိုစဉ်က အမြဲတမ်း သင်္ကန်းဝတ်ဖို့အတွက် ဆရာတော်ကြီး အား လျှောက်ခဲ့သည်။ ဆရာတော်ကြီးက စဉ်းစားချိန် သုံးလပေး သည်။ ထိုအချိန်နှင့် တိုက်ဆိုင်စွာ ရှစ်တန်းစာမေးပွဲအောင်စာရင်း များထွက်လာခဲ့သည်။ အောင်စာရင်းတွင် သူငယ်ချင်းများက ဂုဏ်ထူးများနှင့် အောင်မြင်ကြပြီး ဦးပဉ္ဇင်းမှာ ရိုးရိုးသာ အောင် မြင်ခဲ့သည်။

”ရှက်သွားတာလည်းပါတယ်။ (စာမေးပွဲ)အောင်တော့ အောင်တယ်။ ကျုပ်က ရိုးရိုးပဲအောင်တယ်”ဟု သင်္ကန်းအမြဲတမ်း ဝတ်သွားရန် ဆုံးဖြတ်လိုက်သည့် အကြောင်းအရင်းတစ်ခုကို ဦးဝီရသူက မိန့်ဆိုသည်။

သို့သော် ဦးပဉ္ဇင်းကိုယ်တိုင်ကလည်း လူ့ဘောင်နှင့် မတူ သည့် သာသနာ့ဘောင်တွင် ရေရှည်နေရဖို့အတွက် အရှည်ကြီး တွေးခဲ့ရသည်။ လွန်ဆွဲမှုများရှိခဲ့သည်။ ကျောင်းလည်း ပြန်တက် ချင်သည်။ ကျောင်းပြန်တက်ကာ ဘွဲ့လေးတစ်ခုလောက်ယူ၍ အဆင့်တန်းမြင့်မြင့်နေနိုင်အောင်ကြိုးစားမလားလို့လည်း ဦးပဉ္ဇင်းတွေးမိသည်။

ထိုသို့ ကျောင်းသားဘဝကို စွန့်လွှတ်ကာ ငယ်ရွယ်သည့် အချိန်တွင် သင်္ကန်းဝတ်ရခြင်း၏ ခံစားရသောအဖြစ်ကို ဦးပဉ္ဇင်း ဦးဝီရသူက ယခုလို မိန့်ကြားသည်။

”ဆွမ်းခံကြွတဲ့အခါ တန်းစီကြွရတော့ သူငယ်ချင်းတွေက ဝိုင်းကြည့်တာမျိုးဆိုရင် တော်တော်ခံစားရတယ်။ သူတို့နဲ့ ကိုယ့် ဘဝမတူတော့ဘူး။ ကျောင်းကြီးကိုလည်းလွမ်းတယ်။ ကိုယ်က ဒါ တွေကို ထားရစ်ခဲ့ရတာကို၊ ကိုယ်စွန့်လွှတ်ခဲ့ရတာကို ပြန်လွမ်း တာပေါ့။ သူငယ်ချင်းတွေက လာမေးတယ်။ ဆုံးဖြတ်ချက်ချပြီး ပြီလို့သာ ငြင်းလိုက်ရတာ ဟာဒယက မပြတ်သေးဘူးလေ”

အရင်က စာကြီးပေကြီးမဖတ်ဖြစ်ခဲ့သည့် ဦးဝီရသူလောင်း လျာသည် ကိုရင်ဘဝသို့ရောက်သွားသောအခါတွင် စာကြီးပေ ကြီးများကို နေ့စဉ်လိုလိုဖတ်ဖြစ်ခဲ့တော့သည်။ ဦးပဉ္ဇင်းဘဝကို ပြောင်းလဲစေခဲ့သည့် စာအုပ်ကတော့ ‘ရဟန္တာနှင့် ပုဂ္ဂိုလ်ထူး များ’ ဆိုသည့် စာအုပ်ပင်ဖြစ်လေသည်။

(၄)

ကိုရင်ဘဝမှ ရဟန်းဘဝသို့ ကူးပြောင်းခဲ့သည့်နှစ်က မြန် မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုသမိုင်းတွင် အရေးပါခဲ့သော လူထု လှုပ်ရှားမှုကြီးဖြစ် ပေါ်ခဲ့သည့် ၁၉၈၈ ခုနှစ်။

၁၉၉၁ ခုနှစ်တွင် ဦးဇင်းဝီရသူသည် ကျောက်ဆည်မြို့၊ မင်း ကုန်းမဟာစာသင်တိုက်မှ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်သို့ ရောက်ရှိခဲ့လေသည်။ ဦးပ္တွင်းသည် ယခင်က အမျိုးသားရေးနှင့် ပတ်သက်၍ ဘာမျှမသိခဲ့။ လေ့လာခြင်းလည်း မရှိခဲ့။ သို့သော် မ္တနလေးမြို့သို့ရောက် သည့်အခါတွင် အမျိုးသားရေးစာပေများကို လေ့လာဖတ်ကြားခွင့်ရခဲ့သည်။ ယင်းစာပေများသည် ဦးဝီရသူ၏ အနာဂတ်ကို ထုဆစ်ခဲ့ကြသည်။

အထူးသဖြင့် မော်လဝီရွှေပြည်ရေးသည့် ၇၈၆ နှင့်ပတ် သက်သော ယောဂီစာတမ်းစာအုပ်ကောက်နုတ်ချက်များ၊ ရွှေဒုံး ဘီအောင်ရေးသည့်စာများ၊ ပီမိုးနင်းရေးသည့်စာများ၊ ဝံသာနု ရက္ခိတက ထုတ်ဝေသည့် ‘အမျိုးပျောက်မှာ စိုးကြောက်စရာ’ အစရှိသည့် စာပေများကို ဖတ်ကြားလေ့လာခွင့်ရခဲ့သည်။

ဦးဝီရသူသည် အဆိုပါစာပေများကို လေ့လာဖတ်ကြား ပြီးသည့်နောက်တွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးကို ဆောင်ရွက်ရန်အတွက် အတွေးပေါ်လေသည်။

”ဦးဇင်းဘာလုပ်ရမယ်ဆိုတဲ့ လမ်းကြောင်းကို ခိုင်ခိုင်မာ မာချနိုင်ခဲ့တယ်”ဟု ဦးပဉ္ဇင်းက မိန့်သည်။

ထိုကဲ့သို့ အမျိုး၊ ဘာသာ၊ သာသနာထိန်းသိန်းစောင့်ရှောက် ရေး(သို့မဟုတ်)အမျိုးသားရေးဝါဒီစာအုပ်များကို ဖတ်ကြားလေ့ လာပြီးသည့် နောက်တွင် ဦးပဉ္ဇင်းးဦးဝီရသူသည် ဘုန်းကြီး ကျောင်းများတွင် အမျိုးသားရေးတရားများ လှည့်လည်ကာ ဟောကြားလေတော့သည်။ အချိန်က ၁၉၉၇ ခုနှစ်။ ထိုစဉ်က မလွတ်လပ်သေး။ စက်ပစ္စည်းများလည်းရှားပါးသည့်ခေတ်ဖြစ်၍လည်း တရားဟောရန်အတွက် မိုက်ခရိုဖုန်းက အလွယ်တကူမရှိ။ ထို့ကြောင့် ပါးစပ်နှင့် အော်၍ဟောခဲ့ရသည်။

ဦးပဉ္ဇင်းတို့သည် လူများများဖြင့်ဟောကြားနိုင်ရန်အတွက် နေရာတစ်ခုရွေးလိုက်သည်။ သူရွေးလိုက်သည့် နေရာက ကျယ် ပြန့်ပြီး သံဃာများအလွယ်တကူလာနိုင်သော မန္တလေးသချုႋင်း။ ဦးပဉ္ဇင်းးတို့သည် ညနေ ၆နာရီလောက်ဆိုလျှင် သချုႋင်းဘက်သို့ ထွက်လာကြသည်။ ပြီးလျှင် ၈ နာရီမှ ၁ဝ နာရီအထိ တရားဟော ကြသည်။

ယင်းသို့လိုက်ဟောကြသည်မှာ ဦးပဉ္ဇင်း ဦးဝီရသူအပါ အဝင် ဦးပဉ္ဇင်း လေး၊ ငါးပါးခန့်ဖြစ်သည်။ ထိုတရားများဟောကြား ရန်အတွက် လူအသိမခံဘဲ မျက်နှာဖုံးတပ်ကာဟောကြားခဲ့ကြရသည်။ မျက်နှာတစ်ခုလုံးကို သင်္ကန်းပတ်လိုက်သည်။ ပါးစပ်တစ်ခု တည်းသာဖွင့်ထားသည်။ အနက်ရောင် နေကာမျက်မှန်ကိုလည်း တပ်ထားကြသည်။ ထို့ကြောင့် တရားပွဲသာပြီးသွားသည်။ ဘယ် ဘုန်းကြီးဟောသွားသည်ကို မသိလိုက်ကြ။

ထိုစဉ်က ဟောခဲ့ရသည့် ဖြစ်စဉ်ကို သဘောကျရယ်မော လျက် ဦးဝီသူရက ယခုလိုပြန်လည်မိန့်သည်။

”သံဃာလေး၊ ငါးရာ။ မိုက်မပါဘဲ အော်ရတာ။ ကြားကြပါ တယ်။ လက်ခုပ်သြဘာသံကတော့ တစ်ဖြောင်းဖြာင်းပဲ။ နောက် က လူတွေကလည်း ရှေ့ကလူတွေတီးရင် သူတို့လည်း ဘာမှမသိ ဘူး။ လိုက်တီးကြတယ်။ ဟား…ဟား…ဟား…”

ထိုသို့ဟောကြားသည့်အခါတွင် ဦးပဉ္ဇင်းတို့သည် တစ်ဦး၏ဘွဲ့အမည်ကို တစ်ဦးက မခေါ်ဖို့ စည်းကမ်းသတ်မှတ်ထားရသည်။ တစ်ပါးကို တစ်ပါးခေါ်မည်ဆိုပါက နာမည်ဝှက်များဖြင့် ခေါ်ခဲ့ကြ သည်။ ဦးဝီရသူ၏နာမည်မှာ မျိုးချစ်သူဖြစ်၏။ အခြားသော ကိုယ် တော်များ၏ အမည်ကိုလည်း မျိုးချစ်ဦး၊ မျိုးချစ်အောင်၊ မျိုးချစ် ကို စသဖြင့် နာမည်ဝှက်များပေးထားကြသည်။ နာမည်ခေါ်မည် ဆိုလျှင် ‘မျိုးချစ်ဦး ရှိလား’  ‘ရှိ’ဟုပြန်ထူးရသည်။ ကျောင်းတိုက် နာမည်ကိုလည်း ထုတ်မပြောရ။ ထိုနည်းဖြင့် ထောက်လှမ်းရေး များ ခြေရာခံလို့မရ၊ စုံစမ်းလို့မရအောင် ပရိယာယ်သုံးခဲ့ရသည်။

မန္တလေးမြို့၊ သချုႋင်းတွင် ဟောပြောသည့်တရားပွဲပေါက်သွား သည့်အခါတွင် အမရပူရမြို့က ထပ်မံဖိတ်ခေါ်သည်။ ထို့ကြောင့် ဦးပဉ္ဇင်းးတို့သည် အမရပူရရှိ သချုႋင်းသို့ထပ်မံကြွရောက် ဟော ပြောခဲ့ရသေးသည်။ ထိုသချုႋင်းမှာတော့ အုတ်ဂူများရှိသည်။ ထို အုတ်ဂူများပေါ်တက်ကာ ဟောကြားခဲ့ကြသည်။ နားထောင်ကြ သူများကလည်း အုတ်ဂူများပေါ် တက်နားထောင်ကြလေသည်။

လာရောက်နားထောင်ကြသူများမှာ သံဃာတော်များ သာဖြစ်ကြသည်။ လူပုဂ္ဂိုလ်များ မလာရဲ။ လူတွေ လာနားထောင် မည်ဆိုပါကလည်း ရဲသတင်းပေးအဖြစ် အထင်ခံရမည်စိုးသော ကြောင့် မလာရဲခြင်းဖြစ်၏။ ဦးပဉ္ဇင်းတို့ ဟောကြားခဲ့သည့် တရား များ က အမျိုးသားရေး တရား၊ မွတ်ဆလင်များနှင့် ပတ်သက် သည့် အကြောင်းများသာဖြစ်သည်။ ထိုအချိန်က ထိုသို့သော တရားများ ဟောပြောခွင့်မရှိ။

”ပွဲကြီးပွဲကောင်းနှစ်ပွဲဟောခဲ့တယ်။ စာသင်သားဘဝပဲ ရှိ သေးတာ။ သံဃာတွေရဲ့ထောက်ခံမှုကိုတော့ ရနေပြီ။ အဲဒီတုန်း က ဦးဇင်းတရား နားထောင်ဖူးတဲ့သူတွေက နိုင်ငံကျော်ဓမ္မကထိ ကတွေဖြစ်နေပြီ”ဟု ဦးဝီရသူက မိန့်သည်။

သူ့အနေဖြင့် စာသင်သားဘဝဖြင့် ထိုသို့အမျိုးသားရေး တရားများကို ဟောကြားနိုင်ခြင်းမှာ စာဖတ်ထားသည့်အရှိန်နှင့် သူ၏ အတွေ့အကြုံလေ့လာထားမှုကြောင့်ဟု ဦးဝီရသူက ပြော သည်။ အမျိုးသားရေးတရားများဟောကြားနိုင်ရန်အတွက် လည်း သူ့တွင် သာဓကများစွာရှိသည်ဟုဆိုသည်။

ဦးဝီရသူအနေဖြင့် ထိုသို့ဟောကြားမှုများပြုခဲ့သော်လည်း အစိုးရ၏လိုက်လံဖမ်းဆီးခြင်းကို မခံခဲ့ရပေ။ သို့သော် ဦးပဉ္ဇင်းး၏ ဆရာတော်ကြီးမှာ နိုင်ငံတော်သံဃမဟာနာယကတွင် ဒုဥက္ကဋ္ဌ ဖြစ်လေသည်။ ထို့ကြောင့် ဆရာတော်ကြီးက ဆက်လက်မဟော ရန် တားမြစ်ခဲ့သည်။ ဆက်လက်ဟောနေမည်ဆိုပါက ကျောင်း တိုက်မှ နှင်ထုတ်မည်၊ ရိုက်ထုတ်မည်ဟု ငေါက်လိုက်သဖြင့် ဦးပဉ္ဇင်းမှာ အမျိုးသားရေးတရား များကို ဆက်မဟောရဲတော့ပေ။

”ဆရာတော်ကြီးတွေမှန်သမျှ ဒီစိတ်ရှိတယ်ဗျ။ မရှိတဲ့ ဆရာတော် မတွေ့ဖူးဘူး။ သဘောတူတယ်။ သို့သော်လည်းပဲ အဖမ်းခံရမှာ စိုးရိမ်တာ၊ စာမပြီးဘဲနဲ့ ထောင်ထဲရောက်သွားမှာ စိုးရိမ်လို့။  ဦးပဉ္ဇင်းက လူငယ်ဆိုတော့ ခပ်မိုက်မိုက်လုပ်တယ်။ အဲဒါတွေကို သူတို့က မကြိုက် ဘူး။ နူးညံ့ပျော့ပြောင်းတဲ့ နည်းနဲ့ပဲ လုပ်စေချင်တယ်”ဟု ဦးဝီရသူက မိန့်ကြား၏။

ထို့ကြောင့် ဦးဝီရသူသည် အထက်ပါ ပွဲနှစ်ပွဲကိုဟောကြား ပြီးသည့်နောက် ဆရာတော်ကြီးမှ တားသဖြင့် ဆက်မလုပ်တော့ ပေ။ သူ၏ဘဝကို စာထဲတွင်သာ နှစ်ထားခဲ့ပြီး ဓမ္မစရိယဘွဲ့ရဖို့ အတွက်ကိုသာ ကြိုးစားခဲ့တော့သည်။ အဆိုပါဘွဲ့ရဖို့အတွက် ဖြေ ဆိုရသည့်စာမေးပွဲကို သကျသီဟဓမ္မစရိယဟု လူသိများကြ သည်။ ဆရာတော်ကြီးများကပင် ယင်းစာမေးပွဲကို ‘လူသတ်ပွဲ’ ဟုသတ်မှတ်ကြသည်ဟု ဦးဝီရသူက မိန့်သည်။

”ပုစု္ဆာထုတ်တဲ့ ဆရာတော်ကြီးတွေရဲ့ အာဘော်နဲ့ အိုင် ဒီယာကို ဖမ်းနိုင်မှ အောင်တာ။ အဲဒီတော့ ဆရာတော်ကြီးတွေရဲ့ အရည်အချင်းတွေလို နင်လားငါးလားရှိရမယ်။ ဆရာတော်ကြီး တွေနီးပါးလောက် စာမြင်မှအောင်တာ။ ဒီအဆင့်မအောင်သူ တွေက လူထွက်သူက ထွက်။ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ လူတွေက သေပေါ့။ ဒါကြောင့် လူသတ်ပွဲလို့သတ်မှတ်တာ” ဟု ဦးဝီရသူက မိန့်သည်။

အဆိုပါ စာမေးပွဲကို ဦးဝီရသူပါဝင်ဖြေဆိုခဲ့လေသည်။ ၁၉၉၉ ခုနှစ် အဘိဓမ္မာစာမေးပွဲအောင်စာရင်းထွက်သည့်အခါ တွင် တစ်နိုင်ငံလုံးတွင် သံဃာခြောက်ပါးသာ အောင်မြင်ခဲ့သည်။ ထိုသံဃာခြောက်ပါးတွင် ဦးဝီရသူအပါအဝင် မစိုးရိမ်တိုက်မှ သံဃာသုံးပါး အောင်မြင်ခဲ့၏။ အားလုံးထဲမှာ ဦးဝီရသူက အမှတ်အများဆုံးနှင့် ပထမရကာ အောင်မြင်ခဲ့ခြင်းဖြစ်လေသည်။

”လူတွေ အသိအမှတ်ပြုနိုင်လောက်တဲ့ ဂုဏ်ထူးတစ်ခု တော့ရသွားတာပေါ့။ စာရေးဦးတော့ ဒီဘွဲ့လေးရှိတော့ စာဖတ် ပရိသတ်ရှိတယ်။ တရားဟောလည်း တရားနာပရိသတ်ခန့် တာပေါ့”ဟု ဦးပဉ္ဇင်းက ရှင်းပြသည်။

ဦးပဉ္ဇင်းသည် တခြားစာမေးပွဲများကို ဆက်၍မဖြေတော့ ဘဲ သူအားသန်သည့် စာချခြင်းဘက်သို့ရွေးချယ်ခဲ့သည်။ စာ တွေရေးမည်။ တရားတွေ ဟောမည်။ မန္တလေးနှင့် အမရပူရရှိ သချုႋင်းတွင် မျက်နှာဖုံးစွပ်ကာ ဟောကြားခဲ့သော အမျိုးသား ရေးတရားများကို ပလ္လင်ပေါ်မှ တစ်ဆင့် ဆက်လက်ဟောကြား မည်ဖြစ်၏။

အပိုင်း(၂)

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."