မြင်းမူ – ၂၀၂၃ ဖေဖော်ဝါရီ ၂၅ (မော်ကွန်း)
မနေ့က ဖြစ်ပွါးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က ယခင်အနေအထားထက်ပိုတဲ့ တိုက်ခိုက်စွမ်းရည်မြင့်တဲ့အဖွဲ့တွေပါဝင်လာတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း ၇ တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
” အခုဖြစ်တာကပျူတွေနဲ့ဖြစ်တာလောက်မလွယ်ဘူးဗျ၊ ခုက ကွန်မန်ဒိုအဆင့်လောက်ထိရှိတဲ့ စစ်သားတွေနဲ့ တိုက်ပွဲကြီးဖြစ်ခဲ့တာပါ၊သူတို့ဘက်ကစစ်ရေးတော်တော်လေးကျွမ်းကျင်ပါတယ်” လို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။
မြင်းမူမြို့နယ်၊ ကျောက်ပြောက်ရွာနဲ့ မင်းရွာတွေကိုစစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနှစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ မနေ့ညနေက တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး ကြာချိန် နှစ်နာရီရှိခဲ့တယ်လို့သူကပြောပါတယ်။
“ကျွန်တော်တို့ဘက်သတိထားပြီးတိုက်ခဲ့ရတဲ့အခြေနေမှာရှိပါတယ်။ သူတို့ဘက်ကမျက်မြင် ၁၀ယောက်ကျတယ်၊ကျွန်တော်တို့ဘက်ကရဲဘော်တစ်ဦးလက်မောင်းကျည်ထိမှန်ခဲ့ပေမယ့်ဒဏ်ရာတော့မစိုးရိမ်ရပါဘူး”လို့ Zero ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း ၇ တာဝန်ရှိသူကပြောပါတယ်။
အာဏာသိမ်းစစ်တပ် မီးရှို့တာကြောင့်မင်းရွာအတွင်းကနေအိမ်တွေကုန်သလောက်ရှိနေပြီး သူတို့ဘက်ကအလောင်းတွေကို နေအိမ်တွေထဲမှာပုံပြီးမနေ့ကထပ်မံမီးရှို့သွားတယ်လို့ သူကပြောပါတယ်။
ဖေဖော်ဝါရီ ၂၁ရက်ကတည်းက မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့် Zero ပြောက်ကျားတပ်ဖွဲ့တပ်ရင်း၇ကဦးဆောင်ပြီးတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က အရာရှိတစ်ဦးအပါအဝင် စစ်သားတွေသေဆုံးခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ရဲ့စစ်ကြောင်းထိုးမှုကြောင့် မင်းရွာ၊ကျောက်ပြောက်ရွာ၊နွားမသင်းရွာတွေ မီးရှို့ခံထားရပြီး ဒေသခံရွာသားတွေထွက်ပြေးတိမ်းရှောင်နေရတာကြောင့်စစ်ရှောင်အရေအတွက်တစ်သောင်းကျော်ထိရှိလာပါပြီ။
အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီ၂၃ရက်နေ့မှာ လေကြောင်းအသုံးပြုပြီးတော့ပါတိုက်ခိုက်လာတာကြောင့် ထိခိုက်ဒဏ်ရာရထားတဲ့ရွာသားတွေရှိနေတယ်လို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။
ပုံစာ – Zero ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း ၇ တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – Zero ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း ၇
#Dailynews

