ဒီပဲယင်း- ၂၀၂၄ အောက်တိုဘာ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နဲ့ ရေဦးမြို့နယ်ထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဒီလ ၅ ရက်က လုပ်ခဲ့တာကြောင့် အရပ်သားတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ဒီပဲယင်းမြို့၊ မြို့မရပ်ကွက်၊ တောင်ပြင်ရပ်ကွက်နဲ့ ကံပြားရွာတို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို ရေဦးမြို့နယ်ထဲက တင်းတိန်ရံရွာကိုလည်း ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။
နေ့လယ်ခင်းနဲ့ ညနေပိုင်းအချိန်တွေမှာ တိုက်ခိုက်ခဲ့မှုကြောင့် တင်းတိန်ရံရွာက အမျိုးသမီးတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
” Mi- 35 နှစ်စီးနဲ့ လာပစ်တာ။ မြို့ကိုပြန်သိမ်းမယ်အထင်နဲ့ လာပစ်တာဖြစ်မယ်ဗျ။ စစ်ကောင်စီက ကြောက်ပြီး မည်းမည်းမြင်ရာပစ်နေတာ။ အခုအခြေအနေအရ အပျက်စိီးမသိရသေးဘူး။ အထိခိုက်လည်း မသိရသေးဘူး။ စစ်ကောင်စီတပ်ရှိနေတော့ သွားကြည့်ဖို့လည်းခက်တယ်။
လူထိခိုက်တာ သေဆုံးတာတော့ မသိရသေးဘူး” လို့ ဒီပဲယင်းမြို့ဗုံးကြဲခံရတာနဲ့ပတ်သက်လို့ ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လလယ်တုန်းက ဒီပဲယင်းမြို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအထိနာပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဒီပဲယင်းမြို့ကို ခေတ္တသိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။
အဲဒီနောက် စစ်ကောင်စီက လေကြောင်းပစ်ကူအပြင် Mi- 17 လေးစီးနဲ့ စစ်သားအင်အား ၁၀၀ ခန့် စစ်ကူပို့ပြီး ပြန်လည်ထိုးစစ်ဆင်တာကြောင့် တော်လှန်ရေးအဖွဲ့တွေ မြို့ကိုပြန်စွန့်ခဲ့ရတာပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီပဲယင်းမြို့ပတ်ဝန်းကျင်က ကျေးရွာတွေဟာ ထိတ်လန့်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ဒေသအနှံ့အပြားကို ဒီလအစပိုင်းကတည်းက လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တချို့က ပြောပါတယ်။
ပုံစာ- ဩဂုတ်လ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အရပ်သားနေအိမ်တချို့။
ဓါတ်ပုံ- ပေးပို့
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


