စည်သူ
ရန်ကုန် -စက်တင်ဘာ ၂၇ မော်ကွန်း
ပြည်ပနိုင်ငံအသီးသီးနဲ့ ပင်လယ်ပြင်မှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး ပိတ်မိနေကြတဲ့ မြန်မာသင်္ဘောသား ၅,၀၀၀ကျော်ကို သီးသန့် စင်လုံးဌားလေယာဉ်နဲ့ကယ်ထုတ်ပေးဖို့ အစိုးရကို တင်ပြထားတယ်လို့ Sea Rangers အလုပ်အမှုဆောင်အဖွဲ့ဝင် ကပ္ပတိန် ဦးစိန်တန်အောင်က မော်ကွန်းကို ပြောပါတယ်။
အစိုးရက နိုင်ငံခြားမှာ ပိတ်မိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ယူနေတဲ့အထဲမှာ သင်္ဘောသားအချိုးအစားရတဲ့ ရာခိုင်နှုန်းက နည်းတဲ့အတွက် သီးသန့်စင်လုံးငှားလေယာဉ်နဲ့ ပြေးဆွဲပေးဖို့ တင်ပြထားတာလို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ တနလ်ာနေ့လောက်ကို အစိုးရက တစ်ခုခု တုန့်ပြန်မယ်လို့ မျှော်လင့်တာပေါ့၊ အခု ကိုရီးယားမှာဆိုရင် တစ်ချို့ကုမ္ပဏီအသေးစားနဲ့ လုပ်တဲ့သူတွေဆို ကိုယ်စားရိတ် ကိုယ်ပေးပြီး ဟိုတယ်မှာနေနေရတဲ့လူတွေရှိတယ်၊ စားဝတ်နေရေးရော ဟိုတယ်တွေမှာပါ ခက်ခဲနေတဲ့လူတွေ တော်တော်များတယ်”လို့ ဦးစိန်တန်အောင်က ပြောပါတယ်။
အစိုးရအနေနဲ့လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ Sea Rangers အဖွဲ့က ပြန်ရောက်လာမည့် သင်္ဘောသားတွေကို Quarantine ထားရှိမဲ့ နေရာတွေကို စီစဉ်ထားတယ်လို့ ဦးစိန်တန်အောင်က ပြောပါတယ်။
နိုင်ငံအသီးသီးမှာ ပိတ်မိနေကြတဲ့ သင်္ဘောသားများကို ကိုရီးယား နိုင်ငံကနေ ဗဟိုပြုပြီး ကယ်ထုတ်မှာဖြစ်ပြီး ယခုလက်ရှိမှာတော့ ကိုရီးယားနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာ သင်္ဘောသား ၁,၅၀၀ကျော်ရှိနေပါတယ်။
နိုင်ငံတကာလေကြောင်းလိုင်းတွေ ပိတ်ထားတဲ့ အချိန်မှာ အစိုးရအကူအညီနဲ့ ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဦးရေ ၁၇,၀၀၀နီးပါး ခေါ်ဆောင်ပြီးပြီးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ: ပိတ်မိနေသည့် မြန်မာသင်္ဘောသားများကို သွားရောက်ခေါ်ယူသည့် ကယ်ဆယ်ရေးလေယာဉ်
Photo:MOFA
#Dailynews

