မုံရွာ – ၂၀၂၁ အောက်တိုဘာ ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ “တော်လှန် သီတင်းကျွတ်” “မီးတောက်တွေနဲ့အာဏာရှင်ကို လောင်ကျွမ်းစေမယ်” ဆိုတဲ့စာသားကို ကိုင်စွဲပြီး အာဏာရှင်စနစ်ကို ချီတက် ဆန့်ကျင် သပိတ်မှောက်ခဲ့ကြပါတယ်။
ဒီကနေ့ မုံရွာပင်မသပိတ်စစ်ကြောင်းဟာ လူအင်အားများပြားစွာနဲ့ ပြန်လည်စုဝေးပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
“ဒီအချိန်ထိ မုံရွာဟာ ခိုင်မာတယ်၊ စစ်ကောင်စီအုပ်ချုပ်လို့မရသေးတဲ့မြို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး တပ်ဦးအလံလွင့်ပျံနေဆဲ မြို့ဖြစ်တယ်။ သပိတ်စစ်ကြောင်းတွေ အချိန်တိုင်း မထွက်နိုင်တာဟာ စစ်ကောင်စီ ကိုကြောက်ရွံ့သွားလို့ သွေးအေးသွားလို့ မဟုတ်ဘူး။ မြေပေါ်မြေအောက် ဟန်ချက်ညီညီလှုပ်ရှားပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေတာဖြစ်တယ်။ ဒီတော်လှန်ရေးမီးတောက်ဟာ သေဆုံးမသွားဘူး။ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်လောင်ကျွမ်းနေတယ်။
ပြည်သူလူထု ဒီထက်ပိုပြီးပူးပေါင်းပါဝင်ပါ။ ဒါမှ တော်လှန်ရေးမီးဟာ ဟုန်းဟုန်းထတောက်လောင်ပြီး အာဏာရှင်ကိုပြာအတိလောင်ကျွမ်းစေမှာဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ တော်လှန်ရေးလုပ်ငန်းစဥ်တွေထဲမှာ အဓိကကျတဲ့ လက်နက်ကိုင်တော်လှန်ရေးကို ထဲထဲဝင်ဝင် ပါဝင် ပံ့ပိုးကူညီကြရမှာ ဖြစ်ပါတယ်”လို့ မုံရွာလူထု ပင်မသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် လမ်းမပေါ်က လူထုလှုပ်ရှားမှုများကိုလည်း ရပ်ကွက်အလိုက် လုံခြုံရေးဂရုစိုက်ပြီး ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပြန်လည်အရှိန်မြှင့် ပြုလုပ်ကြဖို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ က မေတ္တာရပ်ခံထားပါတယ်။
ဓါတ်ပုံ-Kaung Hsu Thar
#Dailynews

