မုံရွာ – ၂၀၂၁ ဒီဇင်ဘာ ၁၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာ-အမြင့်လမ်းပေါ်မှာ ခရီးသွားတွေကိုစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်း မုံရွာ-အမြင့်လမ်း ထနောင်းတော သုသာန်နားမှာ စစ်ကောင်စီတပ်တွေဟာ လမ်းသွားလမ်းလာတွေကို စစ်ကောင်စီတပ်တွေ တားဆီးစစ်ဆေးမှုတွေကို ပြုလုပ်နေတာပါ။
ဒီလို တားဆီး စစ်ဆေးနေချိန်မှာပဲ ပေါက်ကွဲမှုတွေဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ ပြည်သူတစ်ဦး မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံက ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာအခြေစိုက် Monywa Phoenix Warrior အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေဘက်က ထုတ်ပြန်တာတော့ မရှိသေးပါဘူး။
မုံရွာမြို့မှာ ကျန်းမာရေးကိစ္စနဲ့ အရေးကြီးကိစ္စများကလွဲပြီး မြို့အတွင်း လမ်းပေါ် သွားလာကူးသန်းမှုများ မပြုလုပ်ကြဖို့နဲ့ မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ တပ်စွဲ၊ နားနေတဲ့နေရာတွေ အပါအဝင် ရုံးတွေ၊ ထောက်ပံ့နေသူတွေကို သက်ညှာတော့မှာ မဟုတ်ဘူးလို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။
#Dailynews

