ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၈ (မော်ကွန်း)
အောက်တိုဘာလကုန်ပိုင်းက စပြီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူဦးရေသန်းဝက်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မနေ့ကထုတ်ပြန်ထားပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ တစ်လကျော်ကာလအတွင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူဦးရေသန်းဝက်ခန့် ထွက်ပြေးနေရတာပါ။
အဲ့ဒီ လက်နက်ကိုင်ပဋိပက္ခတွေဟာ ပိုမိုကျယ်ပြန့်လာနေပြီးတော့ စစ်ဘေးရှောင်တွေအတွက် အစားအစာ၊ အမိုးအကာနဲ့ ဆေးဝါးအကူအညီတွေအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေဟာ တိုက်ပွဲတွေကြား လုံခြုံမှုကင်းမဲ့နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒေသတွင်းလမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ရေးမှာ အဟန့်အတားဖြစ်နေတယ်လို့လည်း UNOCHA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
UNOCHA အနေနဲ့ ဘာသာရေးနဲ့ ရပ်ရွာအခြေပြု အဖွဲ့အစည်းတွေအပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အဲ့ဒီ စစ်ဘေးသင့်ဒေသတွေကို ကူညီနိုင်ရေးနည်းလမ်းအမျိုးမျိုးနဲ့ ပံ့ပိုးနေတယ်လို့လည်း ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အပြင်းထန်ဆုံးတိုက်ပွဲတွေဟာ ယခုနှစ် အောက်တိုဘာလကုန်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့ပြီး မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ MNDAA ၊ TNLA ၊ AA စတဲ့အဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းတွေကို စတင်တိုက်ခိုက်ခဲ့ပါတယ်။
နိုဝင်ဘာလပိုင်းမှာတော့ ရှမ်းမြောက်က တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ်ကို ကူးစက်လာခဲ့ပြီး AA နဲ့ စစ်ကောင်စီတပ်တွေအကြား တစ်ကျော့ပြန်စစ်ပွဲတွေ ရခိုင်မှာ ပြန်ဖြစ်လာပါတယ်။
ဒါ့အပြင် မြောက်ပိုင်းညီနောင်တပ်တွေရဲ့ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲအဖြစ် ကရင်နီဒေသ၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ကိုစောထူးကတော့ လက်ရှိမှာ စစ်ဘေးရှောင်တွေကို ဒေသခံပြည်သူအချင်းချင်း အကူအညီတွေနဲ့ပဲ ထောက်ပံ့နေကြတာဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထိရောက်တဲ့ ပံ့ပိုးမှု မရရှိဘူးလို့ ပြောပါတယ်။
“နယ်စပ်ဒေသလို နေရာမျိုးတွေမှာပဲ နိုင်ငံတကာ အကူအညီရောက်တာ။ အတွင်းထဲက လူတွေကတော့ လမ်းကြောင်းတွေလည်းပိတ်နေတော့ ဘယ်အဖွဲ့အစည်းမှ ရိက္ခာတွေပို့နိုင်တာမရှိဘူး။ ဒီလိုပဲ နီးစပ်ရာဒေသခံတွေက နေစရာတွေရော စားစရာတွေရော လှူနေကြတာ” လို့ ၎င်းက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာဆိုရင် စစ်ကောင်စီတပ်က ဒေသတစ်ခုလုံးကို ဝင်ထွက်တဲ့လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားတာကြောင့် လူသားချင်းစာနာမှုတွေ ရောက်ရှိမလာသေးဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တစ်ဦးကတော့ သူတို့ရဲ့ စစ်ဘေးရှောင်စခန်းကို လွန်ခဲ့တဲ့ နှစ်လခန့်ကစပြီး ကူညီထောက်ပံ့ရေးအကူအညီတွေ မရောက်ရှိတော့ဘူးလို့ ပြောပါတယ်။
“နိုင်ငံတကာ အလှူရှင်တွေရော၊ ပြည်တွင်းအလှူရှင်တွေရော မလာတာကြာပြီဗျာ။ လမ်းတွေလည်း ပိတ်ထားတော့ ရိက္ခာက ဘယ်ကမှမရတဲ့ အခြေအနေဖြစ်နေတော့ ရှိတာပဲစားနေရကြတယ်” လို့ ပြောပါတယ်။
အခုထပ်တိုးလာတဲ့ စစ်ဘေးလူဦးရေ သန်းဝက်ဟာ တစ်လကျော်ကာလအတွင်းမှာ ထပ်တိုးလာတဲ့ လူဦးရေဖြစ်ပြီး တစ်နိုင်ငံလုံးမှာတော့ နေရပ်စွန့်ခွာသူဦးရေဟာ နှစ်သန်းကျော်ထိရှိလာပြီဖြစ်ပါတယ်။
ပုံစာ – ကရင်နီဒေသက စစ်ဘေးရှောင် ကလေးငယ်တစ်ဦး
ဓာတ်ပုံ – ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ရက်

