တာကော် – ၂၀၂၄ ဇူလိုင် ၉ (မော်ကွန်း)
တခြားနယ်စပ်ဂိတ်တွေထက် ခရီးလမ်းကြောင်းပိုဝေးပေမယ့် စစ်ကောင်စီအတွက် နယ်စပ်ကုန်သွယ်ရေးမှာ လတ်တလော အရေးပါတဲ့ တောင်ကြီး-ကျိုင်းတုံလမ်းပိုင်းမှာ ကားများ၊ လမ်းကျပ်တာတွေကြောင့် ခရီးကြန့်ကြာမှုတွေဖြစ်ပြီး ကုန်စည်ကူးသန်းမှု ဖင့်လေးနေတယ်လို့ လမ်းပိုင်းအသုံးပြုသူတချို့က ပြောပါတယ်။
အဲဒီလမ်းပိုင်းဟာ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေကို ဖြတ်သန်းပြီး ထိုင်း၊ တရုတ်နဲ့ လာအိုနိုင်ငံတွေဆီ ကုန်စည်ကူးသန်းနိုင်တဲ့ နယ်စပ်လမ်းပိုင်းဖြစ်သလို လတ်တလော စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သေးတဲ့ တစ်ခုတည်းသော နယ်စပ်လမ်းကြောင်း ဖြစ်ပါတယ်။
“ မိုးများတာရော၊ ကားကျပ်တာရောပေါ့။ မိုင်းပျဉ်းတောင်ပေါ်မှာ ကားတွေပိတ်နေတာ ရာချီ၊ ထောင်ချီ ရှိတယ်လို့ ပြောတယ်။ ဆက်မသွားတော့ဘဲ တာကော်(သံလွင်မြစ်ကူးတံတား)ကနေ လှည့်ပြန်ဖို့ လုပ်နေတယ်” လို့ တာချီလိတ်ကို အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့ ခရီးသည်တစ်ဦးက လမ်းအခြေအနေကို ဒီနေ့ ပြောပါတယ်။
ရန်ကုန်၊မန္တလေးက ကုန်စည်တွေကို တောင်ကြီး-ကျိုင်းတုံ-မိုင်းလား-တာချီလိတ်လမ်းပိုင်းတွေကတစ်ဆင့် တရုတ်နဲ့ ထိုင်းကို အဓိကတင်ပို့နေသလို ပြန်လည်တင်သွင်းမှုတွေလည်း လုပ်ဆောင်နေကြတာပါ။
ထိုင်းနဲ့တရုတ်ကုန်စည်တင်သွင်းတဲ့ ကုန်သည်တချို့ကတော့ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် လမ်းပိုင်းတွေ ပိတ်ဆို့နေတာကြောင့် ကုန်စည်တွေအရောက်နောက်ကျနိုင်တယ်လို့ စားသုံးသူတွေကို သတိပေးတာတွေ ဒီရက်ပိုင်းမှာ ကြေညာထားတာ တွေ့ရပါတယ်။
ဒါအပြင် လမ်းခရီးဝေးတာ၊ စက်သုံးဆီဈေးကြီးမြင့်တာနဲ့ လမ်းကျောပေါ်မှာ ငွေပေးဖြတ်သန်းရတဲ့ စစ်ကောင်စီဂိတ်တွေများတာကြောင့် ကားခဈေးနှုန်းတွေလည်း ကြီးမြင့်တယ်လို့ အဲဒီလမ်းပိုင်းအသုံးပြုနေတဲ့ ကုန်သည်နဲ့ ယာဉ်မောင်းတချို့က ပြောပါတယ်။
အဲဒီလမ်းပိုင်းမှာ အဓိကခက်ခဲတဲ့နေရာက မိုင်းပျဉ်းတောင်ကို ဖြတ်သန်းရတဲ့လမ်းပိုင်းပါ။ ယာဉ်ကျောပိတ်ဆို့မှုတွေက အဲဒီတောင်ကျောပေါ်မှာ ဖြစ်လေ့ရှိတာပါ။ လမ်းကျဉ်းသလို တောင်ကျောကလည်းမြင့်မားတဲ့အတွက် ယာဉ်နှစ်စီးဆုံတဲ့အခါ ရှောင်တိမ်းရခက်တဲ့နေရာတချို့ကိုလည်း အဲဒီတောင်ပေါ်လမ်းမှာ တွေ့ရပါတယ်။
မိုင်းပျဉ်းတောင်ပေါ်လမ်းဟာ မိုးရာသီမှာ သွားလာရ ပိုမိုခက်ခဲတယ်လို့ လမ်းပိုင်းအသုံးပြုသူတချို့က ပြောပါတယ်။ ပြီးတော့ အဲဒီတောင်ကျောပေါ်ကို ၁၂ ဘီးယာဉ် ကုန်ကားတွေသာ အကြီးဆုံးယာဉ်အနေနဲ့ ဖြတ်သန်းနိုင်ပြီး ဒီထက်ပိုရှည်တဲ့ ၁၈ ဘီး၊ ၂၂ ဘီးပါ တွဲယာဉ်တွေ အသုံးပြုလို့ မရပါဘူး။
ရန်ကုန်-မန္တလေးကနေ ကုန်စည်တင်ဆောင်လာတဲ့ တွဲကားတွေဟာ ရှမ်းတောင်နဲ့ ရှမ်းအရှေ့နယ်စပ်၊ သံလွင်မြစ်ကို ဖြတ်ထိုးထားတဲ့ တာကော်တံတား(သန်လွင်) ရောက်တဲ့အခါ ခရီးလမ်းဆုံးပြီဖြစ်ပြီး တစ်ဖက်နယ်စပ်အထိရောက်ဖို့ ၁၂ ဘီးယာဉ်တွေ အပေါ် ကုန်စည်ကူးပြောင်းတင်ဆောင်တာတွေ လုပ်ရပါတယ်။ တာကော်တံတားဟာ သံဘောင်ဘေလီတံတားဖြစ်ပြီး ယာဉ်တစ်စီးချင်းစီဖြတ်သန်းရတဲ့ ခနော်ခနဲ့တံတားမျိုးပါ။
စစ်ကောင်စီဟာ အခုလို တိုက်ပွဲတွေမပြင်းထန်ခင်တုန်းက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ နှစ်စဉ် ကုန်သွယ်မှုရငွေ ဒေါ်လာဘီလီယံများစွာ ရနေတာဖြစ်ပြီး ဒီအပေါ်က အခွန်အကောက်ရကာ အကျိုးဖြစ်ထွန်းမှု ရှိနေတာပါ။ အခုတော့ နယ်စပ်ကုန်သွယ်မှုထက် ရေကြောင်းကုန်သွယ်မှုကို ပိုပြီးအားစိုက်ကာ ဝင်ငွေရှာဖွေနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ စတင်ခဲ့တဲ့ တော်လှန်ရေးမဟာမိတ်တွေရဲ့ ‘၁၀၂၇ စစ်ဆင်ရေး’ နောက်ပိုင်းမှာ တော်လှန်ရေး အင်အားစုတွေထံ စစ်ရှုံးပြီးနောက် ရှမ်းမြောက်က မူဆယ်ဂိတ်၊ ကချင်က လွယ်ဂျယ်ဂိတ်၊ ကရင်က မြဝတီဂိတ်၊ ရခိုင်က မောင်းတော စတဲ့အဓိကနယ်စပ်ဂိတ်တွေကို စစ်ကောင်စီဟာ ဆုံးရှုံးထားရသလို တခြားနယ်စပ်ဂိတ်တွေဖြစ်တဲ့ တနင်္သာရီက ထီးခီး၊မောတောင်၊မြိတ်နဲ့ကော့သောင်း၊ မွန်က ဘုရားသုံးဆူ၊ ကချင်က ကန်ပိုက်တီ၊ စစ်ကိုင်းက တမူး နဲ့ ချင်းက နယ်စပ်ဂိတ် တွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ လွှမ်းမိုးမှုအောက် ကျရောက်နေတာပါ။
ဒီလို နယ်စပ်ကုန်သွယ်ရေးဂိတ်အများစုကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ သူ့ရဲ့ အကြီးဆုံးကုန်သွယ်ဘက် နိုင်ငံဖြစ်တဲ့ အိမ်နီးချင်းတရုတ်နဲ့ ထိုင်းနိုင်ငံဆီကို နယ်စပ်ကုန်စည်တင်ပို့ရာမှာ အခုနောက်ပိုင်း တောင်ကြီး- ကျိုင်းတုံ-တာချီလိတ်-မိုင်းလားလမ်းပိုင်းတွေကို ပိုအားကိုးလာနေရတာဖြစ်ပါတယ်။
ပုံစာ- မိုင်းပျဉ်းတောင်ပေါ်လမ်းကို အသုံးပြုဖြတ်သန်းနေတဲ့ ကုန်တင်ယာဉ်တချို့ကို ပြီးခဲ့တဲ့ နွေရာသီက တွေ့ရစဉ်။
ဓါတ်ပုံ- မော်ကွန်း။

