လာမယ့်ပွင့်လင်းရာသီမှာ ပြည်တွင်းခရီးသွားများသာပိုများ

လာမယ့်ပွင့်လင်းရာသီမှာ ပြည်တွင်းခရီးသွားများသာပိုများ

ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၂၉ (မော်ကွန်း)

လာမယ့်ပွင့်လင်းရာသီ အောက်တိုဘာလမှာ ပြည်ပခရီးသွားဧည့်သည်တွေထက် ပြည်တွင်းခရီးသွားတွေကိုသာ ခရီးစဉ်တွေပိုပြီးရောင်းချနေရတယ်လို့ ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်းတွေကပြောပါတယ်။

“လတ်တလောမှာ ပြည်ပကဧည့်သည်တွေက လာရောက်စုံစမ်းတဲ့ အဆင့်မှာပဲရှိတယ်။ Operation တွေသိပ်မရှိဘူးဖြစ်နေတယ်။ အဲဒီတော့ ပြည်တွင်းခရီးတိုလေးတွေကို ကြိုကြားကြိုကြားရောင်းချနေရတယ်။” လို့ ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာဖြစ်သူကပြောပါတယ်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကတော့ လာမယ့်ပွင့်လင်းရာသီမှာ သွားရောက်လည်ပတ်သင့်တဲ့ ခရီးသွားဒေသ ၁၄ ခုကို ဖော်ပြထားပါတယ်။

အဲဒီနေရာတွေကတော့ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော-တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်နဲ့ ပူတာအိုမြို့တွေဖြစ်ပါတယ်။

လက်ရှိမှာတော့ ချောင်းသာ၊ ငွေဆောင်တို့လို ကမ်းခြေဒေသတွေမှာတော့ အုပ်စုလိုက်ပြည်တွင်းခရီးသွားတွေကို ခရီးစဉ်တွေ စတင်ရောင်းချနေရပြီလို့ ရန်ကုန်မြို့က ခရီးသွားကုမ္ပဏီတစ်ခုရဲ့ တာဝန်ခံတစ်ဦးကပြောပါတယ်။

“ အောက်တိုဘာ ပထမအပတ်အတွက်တော့ ပြည်တွင်းခရီးသွားဧည့်သည်တွေကို ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေခရီးစဉ်တွေ စတင်ရောင်းချပေးနေရပါပြီ။ ငွေဆောင်မှာဆိုတစ်ချို့ဟိုတယ်တွေမှာတော့ အခန်းတွေပြည့်နေကြပြီ။” လို့ သူကပြောပါတယ်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လည်ပတ်ချင်စရာဒေသ အဖြစ်ကြေညာထားတဲ့ UNSECO ရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အင်းလေးဒေသက စက်လှေမောင်းသူတွေကတော့ လာမယ့် ပွင့်လင်းရာသီမှာ ပြည်ပခရီးသွားဧည့်သည်တွေ ပိုဝင်လာဖို့ မျှော်လင့်နေကြပါတယ်။

“လာမယ့် ပွင့်လင်းရာသီမှာတော့ ပြည်တွင်းခရီးသွားတွေတင်မဟုတ်ဘဲ နိုင်ငံခြားခရီးသွားဧည့်သည်တွေပါ အရင်နှစ်ထက် ပိုပြီး လာရောက်ကြဖို့ မျှော်လင့်တယ်။ အဲ့ဒါမှ စားဝတ်နေရေးအတွက်ချောင်လည်မှာ။ “ လို့ အင်းလေးဒေသမှာ စက်လှေမောင်းသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီကတော့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကိုဆွဲဆောင်ဖို့ တရုတ်၊ အိန္ဒိယ နဲ့ ရုရှား နိုင်ငံသား တွေကို ဩဂုတ်လ ၃၀ က စပြီး အစမ်းသပ်ကာလ တစ်နှစ်သတ်မှတ်ပြီး ဆိုက်ရောက်ဗီဇာခွင့်ပြုပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံကို ဘုရားဖူးခရီးစဉ် အနေနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံကခရီးစဉ်တွေ၊ ကုန်ကျစရိတ်နည်းနည်းနဲ့ အုပ်စုလိုက်လည်ပတ်ကြတဲ့ တရုတ်နိုင်ငံမှ Zero Budget ခရီးစဉ်တွေ ရှိခဲ့ပေမယ့် ဒေါ်လာကိုင်ဆောင်တဲ့ အမေရိကန်၊ အင်္ဂလန်နိုင်ငံတွေလိုပြည်ပခရီးသွားဧည့်သည်တွေကတော့နည်းပါးနေသေးတယ်လို့ ခရီးသွားကုမ္ပဏီတွေကပြောပါတယ်။

တစ်ဖက်မှာလည်း စစ်မက်ဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံကို အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေလို ခရီးသွားလာရေးသတိပေးချက်ထုတ်ပြန်ထားတာကလည်း နိုင်ငံတကာခရီးသွားဝင်ရောက်မှုအပေါ်ကို သက်ရောက်မှုတွေရှိတယ်လို့ဆိုပါတယ်။

မနေ့တစ်နေ့က ကျရောက်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့မှာတော့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနှစ် ပထမခုနစ်လအတွင်းမှာ ကမ္ဘာလှည့်ခရီးသွား ခြောက်သိန်းကျော် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ခုနစ်လအတွင်းမှာတော့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် တစ်သိန်းကျော်သာ ဝင်ရောက်ခဲ့ပြီး အခု နှစ်အတွင်းမှာ ခြောက်ဆတိုးလာခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။

ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ အဲဒီကိန်းဂဏန်းအချက်အလက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိခဲ့တာကြောင့် မှန်ကန်မှု ရှိ/မရှိ ဆိုတာတော့ ပြောဖို့ခက်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတွေကပြောပါတယ်။

ပုံစာ- ယခင်နှစ်၊ အောက်တိုဘာလ၊ ပုဂံ သို့လာရောက်လည်ပတ်ကြသည့်ခရီးသွားများအားမြင်တွေ့ရစဉ်။
ဓာတ်ပုံ- Makwun


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."