ကျော်ဇေယျ
ရန်ကုန် -၂၀၂၀ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း)
မင်းပြားမြို့နယ်မှာ မြန်မာ့တပ်မတော်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရ ခိုင်သုခက ဒီနေ့လည်ကပြောပါတယ်။
ဒီနေ့မနက် ၂ နာရီလောက်မှာ မင်းပြားမြို့အနီး၊ ကြက်ဆင်တံတားအနီးမှာ ရေကြောင်းကနေ ချီတတ်လာတဲ့ မြနမာ့တပ်မတော် စစ်သင်္ဘောသုံးစီးကို AA တပ်ဖွဲ့တွေက ဖြတ်တိုက်ခဲ့ပြီး ၁၀ မိနစ်လောက်ကြာတဲ့ ဒီတိုက်ပွဲမှာ တပ်မတော်ရဲ့ စစ်သင်္ဘောတစ်စီး အထိအခိုက်အကျအဆုံးများခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။
“ အဲဒီမှာ မြန်မာစစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ဆန်ဟာ မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်ကို ကျရောက် ပေါက်ကွဲပြီးတော့မှ အမျိုးသမီးတစ်ဦးသေဆုံးပြီးတော့ နောက်ထပ်လေးဦး ဒဏ်ရာရရှိခဲ့တာရှိတယ်” လို့ သူက မော်ကွန်းကို ပြောပါတယ်။
ဒါအပြင် ဒီနေ့မနက် ၇ နာရီ ၁၅ မိနစ်မှာလည်း ရသေ့တောင်မြို့နယ်၊ ရေဆိုးချောင်းရွာရဲ့ တောင်ဘက် ကီလိုမီတာ ၈၀၀ အကွာလောက်မှာ အင်အား ၁၅၀ လောက်ရှိတဲ့ တပ်မတော်စစ်ကြောင်း နဲ့ သူတို့တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီး ၈ နာရီ ၂၇ မိနစ်လောက်မှာ ရေဆိုးချောင်းဗျူဟာကနေ တပ်မတော်ဘက်က လက်နက်ကြီးပစ်ကူတွေပေးခဲ့တာရှိတယ်လို့ ခိုင်သုခက ပြောပြတယ်။
ကျောက်တော်မြို့နယ်၊ တင်းမရွာအနီးမှာလည်း မနေ့တုန်းက တစ်နေကုန်၊ ည ၉ နာရီလောက်အထိ နှစ်ဖက် တိုက်ပွဲတွေဖြစ်ခဲ့ပြီး တပ်မတော်ဘက်က လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောတယ်။ အဲဒီနေရာမှာ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်နေတာဟာ ၂၁ ရက်မြောက် ရှိလာပြီလို့လည်း သူကဆိုပါတယ်။
“ မီးချောင်းတံတားထိပ်ကနေပြီးတော့ စစ်တပ်ရဲ့ လက်နက် ကြီးပစ်ကူပေးတဲ့စခန်းကို လက်နက်ခဲယမ်းမီးကျောက်၊ ရိက္ခာ၊ လူစစ်ကူတွေထပ်ပေးဖို့၊ ထိုးဖောက်နိုင်ဖို့ ကြိုးစားနေ တာရှိတယ်။ အဲဒီလိုကြောင့် ကျွန်တော်တို့ရဲ့ ဖြတ်တောက်ရေး စစ်ကြောင်းတွေနဲ့ တိုက်ပွဲပြင်းထန်နေတာ” လို့ ခိုင်သုခက ပြောတယ်။
ချင်းပြည်နယ်က ပလက်ဝ၊ ရခိုင်ပြည်နယ်က ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ မင်းပြား၊ မြေပုံ၊ အမ်း၊ တောင်ကုတ် အစရှိတဲ့ ဒေသတွေကို မြန်မာ့တပ်မတော်ဘက်က လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်နေတာ ရှိတယ်လို့ သူက ပြောတယ်။
“တိုက်ပွဲအနေအထားတွေက ရှေ့ကို လည်းဆက်ပြီးတော့ ပြင်းထန်လာမယ့် အနေအထားရှိတယ် ” လို့ ခိုင်သုခ က မော်ကွန်းကို ပြောပါတယ်။
၎င်းတိုက်ပွဲသတင်းအခြေအနေတွေကို သိရဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ယနေ့ နေ့လည်ပိုင်းက SMS ပို့မေးမြန်း၊ တယ်လီဖုန်းနဲ့ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။
ဖေဖော်ဝါရီ ၂၂ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ဒုတိယဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီက AA အကြမ်းဖက်သောင်းကျန်းသူတွေဟာ ရခိုင်ပြည်နယ် အတွင်းမှာ အရပ်သားတွေကိုသတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာ၊ အဓမ္မပြုကျင့်တာနဲ့ လက်နက်ကြီးတွေ နဲ့ ကျေးရွာတွေထဲ ပစ်ခတ်၊ မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်ဆောင်နေတယ်လို့ ပြည်တွင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။
ရခိုင်မြောက်ပိုင်းမှဒုက္ခသည်များ
#Dailynews

