ရန်ကုန် – ၂၀၂၅ မေ ၂၈ (မော်ကွန်း)
စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ကချင်ပြည်နယ်က ဗန်းမော်နဲ့ ဖားကန့်မြို့တွေမှာ ဒီရက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
စစ်ရေးနဲ့စီးပွားရေးအရအရေးပါတဲ့ ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့နှစ်ရက်က တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့ပြီး ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ -၂၁) ကို အနီးကပ်ထိုးစစ်ဆင်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကက ဗန်းမော် စကခ -၂၁ ကို စစ်ကူလာပို့တဲ့ စစ်ကောင်စီ ရဟတ်ယာဉ်နှစ်စင်းကို KIA နဲ့ ပူးပေါင်းတပ်တွေ ပစ်ချခဲ့ပြီးနောက်မှာ မြေပြင်ထိုးစစ်ဆင်လာတာလို့ ၎င်းသတင်းရင်းမြစ်တချို့က ပြောပါတယ်။
၎င်းစစ်ကူရဟတ်ယာဉ်တွေ မပစ်ချမီ ရက်ပိုင်းကတော့ ဗန်းမော်မှာ ဒရုန်းနဲ့ လေကြောင်းထိုးစစ်တွေပဲ အားပြိုင်မှုတွေရှိနေပြီး ဒီရက်ပိုင်းမှာ မြေပြင်ထိုးစစ်တွေ ပြန်လည်ပြုလုပ်လာတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ရက်က တိုက်ပွဲအတွင်း ဗန်းမော်မြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်းတချို့ကိုလည်း KIA ပူးပေါင်းတပ်တွေ သိမ်းယူခဲ့တယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။
KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ဗန်းမော်မြို့ကို ဝင်ရောက်တိုက်ခိုက်နေပြီး ကချင်ပြည်နယ်နဲ့ ပြည်မကို ဆက်သွယ်ရာမှာ အရေးပါတဲ့ ဗန်းမော်ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ တိုက်ပွဲကာလ ငါးလကျော်ထိရှိလာပြီဖြစ်ပါတယ်။
ဒါ့အပြင် နာမည်ကျော် ကျောက်စိမ်းသိုက်ရှိရာ ဖားကန့်မြို့မှာလည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ ဒီရက်ပိုင်းမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားလာပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖားကန့်-ကားမိုင်းလမ်းပိုင်းကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာကာ မနေ့စပြီး ဖားကန့်မြို့အဝင် လယ်ပြင်နဲ့ လုံးခင်းကျေးရွာတွေကို ၎င်းစစ်ကြောင်းတွေ စတင်ဝင်ရောက်လာတဲ့ ရုပ်သံ လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်လာပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေလည်း စတင်ဖြစ်ပွားလာပြီး ဖားကန့်မြို့နယ်က လယ်ပြင်၊ လုံးခင်းနဲ့ ငြိမ်းချမ်းသာယာအေး ကျေးရွာတွေက ဒေသခံရာနဲ့ချီပြီး ကြိုတင်စစ်ဘေးရှောင်နေကြပြီလို့ ဒေသခံတချို့က ပြောပါတယ်။
ဖားကန့်ဒေသခံတစ်ဦးကတော့ “အပြန်အလှန်ပစ်ခတ်မှုတွေတော့ စနေပြီ။ လယ်ပြင်တို့ လုံးခင်းတို့ လမ်းပိုင်းတွေကိုလည်း အသွားအလာပိတ်ထားလိုက်ပြီ” လို့ ပြောပါတယ်။
KIA ရဲ့ တပ်မဟာ (၉) အခြေစိုက်တဲ့ ကျောက်စိမ်းမြေ ဖားကန့်ဒေသရဲ့ နယ်မြေအများစုကို ပြီးခဲ့တဲ့နှစ်ပိုင်းကစပြီး KIA တပ်တွေ အများစု ထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ဗျူဟာကုန်းတွေအပါအဝင် ဖားကန့်မြို့နယ်ရဲစခန်းကိုပါ သိမ်းယူထားတာပါ။
ပုံစာ – စစ်ကောင်စီဗျူဟာကုန်းတစ်ခုကို သိမ်းယူထားတဲ့ KIA တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – Gunmaw Sumlut

