ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၉ (မော်ကွန်း)
ချင်းပြည်နယ်တောင်ပိုင်းက ဖလမ်းနဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်ပွဲတွေရနေတယ်လို့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။
အွန်လိုင်းကတစ်ဆင့် ဒီနေ့ပြုလုပ်ခဲ့တဲ့ “ချင်းညီနောင်စစ်ဆင်ရေးအပေါ် အရေးပေါ် ရန်ပုံငွေရှာပွဲ” မှာ သူက အခုလို ပြောသွားတာပါ။
ချင်းညီနောင်အဖွဲ့ဝင် တော်လှန်ရေးတပ်တွေဟာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ဖလမ်းမြို့တွေက စစ်ကောင်ီစ အခြေစိုက်စခန်းတွေကို ဒီလ ၉ ရက်ကစကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲကာလ ၁၀ ရက်ထိ ရှိလာပါပြီ။
မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို အချိန်ယူပြင်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီအချိန်မှာ အောင်ပွဲတွေ အများအပြားရနေကာ လုံခြုံစိတ်ချရတဲ့ အခြေအနေတစ်ခုကိုရောက်ရင် စစ်ရေးသတင်းတွေကို ထုတ်ပြန်ပေးသွားမယ်လို့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။
“ဖလမ်းမှာလည်း ဖလမ်းအလျောက်၊ မင်းတပ်မှာလည်း မင်းတပ်အလျောက် အောင်ပွဲတွေရနေတာရှိပါတယ်။ ဒါကိုလည်း ချင်းညီနောင်ရဲ့ သတင်းထုတ်ပြန်ချက်နဲ့အတူ တစ်ဆင့်ချင်းထုတ်ပြန်သွားပါမယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့တချို့က ပြောပါတယ်။
ဖလမ်းမြို့ကိုဆိုရင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်ကောင်စီအခြေစိုက်စခန်းကနေ လက်နက်ကြီးနဲ့ နေ့စဉ်လှမ်းပစ်ခတ်နေပြီး မင်းတပ်မြို့ကိုလည်း နေ့စဉ် ဗုံးကြဲနေတယ်လို့ မြေပြင်မှာတိုက်ပွဲဝင်နေသူတချို့က ပြောပါတယ်။
ချင်းညီနောင်စစ်ဆင်ရေး-Operation CB လို့ နာမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးကို ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ ဒီလ ၉ ရက်က စတင်ခဲ့ပြီး ချင်းညီနောင်အဖွဲ့ဝင် ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ မဟာမိတ်တပ်တွေက ဒီမြို့တွေက စစ်ကောင်စီအခြေစိုက်စခန်းတွေကို တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ချင်းညီနောင်ပူးပေါင်းတပ်တွေဟာ ဖလမ်းမြို့ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတချို့က ဖော်ပြပါတယ်။
ချင်းညီနောင်အဖွဲ့မှာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF-Zoland)၊ ချင်းအမျိုးသားကောင်စီ-မင်းတပ်( CDF-Mindat)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF- Kampetlet) ၊ မရာအုပ်ချုပ်ရေးကောင်စီ (MTC/ MDF) စတဲ့ အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာပါ။
ဒါ့ပြင် ချင်းညီနောင်အဖွဲ့ဟာ အာရက္ခတပ်တော် (AA)၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Yaw Army (YA) ၊ Yaw Defense Force (YDF) စတဲ့အဖွဲ့ တွေနဲ့ လည်းမဟာမိတ်ဖွဲ့ထားပြီး ဒေသတွင်းမှာ အတူတကွ တိုက်ပွဲဝင်နေကြတာပါ။
CB ဟာ ယခင်ကလည်း ချင်းပြည်နယ်တောင်ပိုင်းက ကျင်ဒွေး၊ မကွီအိမ်နူးနဲ့ မတူပီမြို့တွေကို သိမ်းဆည်းနိုင်ထားခဲ့ပြီး အခုအခါ မင်းတပ်နဲ့ ဖလမ်းမြို့တွေကိုပါ သိမ်းဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။
ချင်းပြည်နယ်ထဲမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်းမှာ ပြည်နယ်တစ်ခုလုံးရဲ့ လူဦးရေထက်ဝက်နီးပါးရှိတဲ့ လူနှစ်သိန်းခန့် စစ်ဘေးရှောင်နေကြရပါတယ်။
ပုံစာ – မင်းတပ်မြို့နယ်မှာ လှုပ်ရှားနေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – CDF – Mindat
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

