ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၂၀ (မော်ကွန်း)
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်က PNLO တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာရှိတဲ့ တံတားတစ်စင်းကို စစ်ကောင်စီက ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပြီး တိုက်ပွဲတွေ တစ်ကျော့ပြန်ပြင်းထန်လာဖွယ်ရှိတယ်လို့ ဒေသခံတချို့နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဒီနေ့မနက် ၁၀ နာရီခွဲခန့်က ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ် ကားလမ်းပေါ်က ပွန်ချောင်းတံတားကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးသုံးကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး တံတားကို ဖျက်ဆီးခဲ့တယ်လို့ PNLO က ထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ တော်လှန်ရေးအင်အားစုဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေကို ဒီနေ့မနက်ပိုင်းကစပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။
ပွန်ချောင်းတံတားအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေဟာ ဒီဒေသကို အင်အားဖြည့်တင်းကာ PNLO ထိန်းချုပ်ထားတဲ့ နယ်မြေထဲကို တိုက်ခိုက်ဖို့ လုပ်ဆောင်နေတယ်လို့ PNLO က ပြောပါတယ်။
လက်ရှိ ဗုံးကြဲတိုက်ခိုက်ပြီး ဖျက်ဆီးခံလိုက်ရတဲ့ ပွန်ချောင်းတံတားဟာ ပွန်ချောင်းဒေသခံတွေ သွားလာရေးအတွက် အရေးပါတဲ့ တံတားဖြစ်ပြီး PNLA ထိန်းချုပ်နယ်မြေနဲ့ ဆီဆိုင်ဒေသကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိတာပါ။
ဒီတံတားဟာ ပွန်ချောင်းအရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက ဒေသခံတွေအတွက် ကုန်စည်ကူးသန်းရာအတွက် အရေးပါတဲ့တံတားတစ်စင်းဖြစ်တယ်လို့ ဆီဆိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
“ပွန်ချောင်းက ရေစီးအရမ်းသန်တယ်။ ဒီလမ်းကပဲ ဒေသတွင်းစားသောက်ကုန်တွေ ဖြတ်နေတာပေါ့။ PNLA ရဲ့ ဗဟိုဌာနချုပ်ဘက်ကို သွားတဲ့ လမ်းပိုင်းလည်းဖြစ်တယ်” လို့ ၎င်း ဒေသခံက ပြောပါတယ်။
ဒါ့ပြင် ဒီတံတားဟာ ပြီးခဲ့တဲ့လပိုင်းကလည်း ပွန်ချောင်းရေကြီးရေလျှံခဲ့တာကြောင့် ပျက်စီးခဲ့ပြီး ဒေသခံတွေနဲ့ PNLO တပ်တွေက ပြန်ပြင်ဆင်ထားတာပါ။
အခုလို ဆီဆိုင်မြို့နယ်အတွင်းမှာ PNLA နဲ့ စစ်ကောင်စီတပ်တွေ စစ်ရေးတင်းမာလာပြီး တစ်ကျော့ပြန်ပြီး တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတချို့ကလည်း စိုးရိမ်မှုရှိနေပါတယ်။
“ကျွန်တော်တို့က အရင်ကလည်း ပြေးထားပြီးသား၊ အခုတစ်ကျော့ပြန် ပြေးရဦးမှာလားပေါ့။ အခု ဆီဆိုင်မြို့က ပြန်လည်ပတ်နေပြီးပေါ့ ဒီလိုဖြစ်လာတော့ ပြန်ပြီးတစ်ကျော့ပြန် စစ်ပြေးရမှာလားလို့တော့ စိုးရိမ်ကြတာပေါ့။ တိုက်ပွဲကတော့ မြို့နဲ့တော့ ဝေးပါသေးတယ်” လို့ ဆီဆိုင် ဒေသခံတစ်ဦးက ပြောပါတယ်။
တော်လှန်ရေးအင်အားစုဖြစ်တဲ့ PNLA တပ်တွေဟာ ဒီနှစ်စပိုင်းမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို ထိုးစစ်ဆင်ပြီး မြို့သိမ်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ဆီဆိုင်မြို့ကနေ ပြန်ဆုတ်ခွာပေးလိုက်ရပြီး ဆီဆိုင်ဒေသခံ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်ခဲ့ရပါတယ်။
စစ်ကောင်စီက ဆီဆိုင်ဒေသကို ပြန်ထိန်းချုပ်ပြီးနောက်ပိုင်းမှာ သူတို့နဲ့ ပူးပေါင်းလာတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အဖွဲ့ကို ပြည်သူ့စစ်အသွင်ဖွဲ့စည်းကာ ဒေသခံတွေကို လူသစ်စုဆောင်းခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း တပ်ဆင်ပေးထားတာပါ။
ပုံစာ – ပြီးခဲ့တဲ့လပိုင်းက ရေကြီးလို့ ပျက်စီးခဲ့တဲ့ ပွန်ချောင်းတံတားရဲ့မြင်ကွင်း
ဓါတ်ပုံ – PNLA
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

