ပုလဲ -၂၀၂၄ နိုဝင်ဘာ ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ဝင်သိမ်းခဲ့တဲ့ ဗမာအမျိုးသားကာကွယ်ရေး တပ်မတော် (BNRA)နဲ့ မဟာမိတ်တပ်တွေဟာ ဒီနေ့လယ်ပိုင်းမှာ မြို့ကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီလ ၁၁ ရက် နံနက်ကစပြီး ပုလဲမြို့ပေါ်က စစ်ကောင်စီ အခြေစိုက် နေရာတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေး တပ်တွေဟာ မနေ့ကညပိုင်းမှာ မြို့တစ်မြို့လုံးနီးပါး ထိန်းချုပ်နိုင်ခဲ့တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီနေ့ ထပ်ရောက်လာတဲ့ စစ်ကူနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် မြို့ကနေ ပြန်ဆုတ်ပေးလိုက်ကြတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
” မြို့ကို စွန့်ပြီး ဆုတ်ခဲ့ရပြီ။ ကိုးဆယ်ရာခိုင်နှုန်း ထိမ်းချုပ်နိုင်ခဲ့တယ်။ တိုက်ပွဲလေးရက်ကြာ တိုက်နိုင်ခဲ့တယ်။ ဒီနေ့တော့ စစ်ကူ တစ်ရာ ဝန်းကျင် မုံရွာ (နမခ) ကနေ Mi 17 (ရဟတ်ယာဉ်) နဲ့ လေးခေါက်လာ ချသွားတယ်။ ပစ်အား မမျှတော့ ကာကွယ်ရေး တပ်သားတွေ အမြန်ဆုတ်ခွာ ပေးလိုက်ရတယ်” လို့ တိုက်ခိုက်ရေး ရဲဘော်
တစ်ဦးက ပြောပါတယ်။
လေးရက်ကြာတဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်းတချို့ မိခဲ့ပေမယ့် အသေးစိတ်တော့ မသိဘူးလို့ ဆိုပါတယ်။
ပုလဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူ အများအပြားသုံးပြီး ခုခံသလို အရပ်သားတွေလည်း သေခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။
တိုက်ပွဲကြောင့် ဒေသခံ သောင်းနဲ့ချီ စစ်ဘေးရှောင်ခဲ့ရသလို့ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေဘက်က တချို့ ထိခိုက်၊ ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီမြို့ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ တော်လှန်ရေးတပ်တွေ ဝင်သိမ်းခဲ့ဖူးပြီး နာရီပိုင်းအတွင်း ပြန်လက်လွှတ်ခဲ့ရဖူးပါတယ်။
ပုံစာ- ပုလဲမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ တော်လှန်ရေး ရဲဘော်တစ်ဦး
ဓါတ်ပုံ- တော်လှန်ရေးရဲဘော်တစ်ဦး။

