ရန်ကုန်-၂၀၂၃ ဧပြီ ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့သောက်သုံးရေရှားပါးလာပြီလို့ ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးက တာဝန်ရှိသူကမော်ကွန်းကိုပြောပါတယ်။
“ရေကအရှေ့ခြမ်းနဲ့ အနောက်ခြမ်းအခက်အခဲကမတူဘူး။ အရှေ့ခြမ်းမှာဆို ရေရဖို့ ပေသုံးရာလောက်ထိ တူးရတယ်။ အဲ့လောက်တူးဖို့အတွက်က ကုန်ကျစရိတ်အားဖြင့် သိန်းသုံးဆယ်လောက်ကျတယ်။ အနောက်ခြမ်းမှာကျ စစ်ရှောင်ဦးရေများတာ။ ချိုးရေသောက်ရေအတွက်က ဘုံဘိုင်လေးတစ်ခုတည်းကို တန်းစီပြီးတော့ ယူနေရတယ်။ အနောက်ခြမ်းအတွက် ဘုံဘိုင်တွေမလုံလောက်တာ။ အနောက်ခြမ်းက ရေဘုံဘိုင်အတွက် ပေ ငါးဆယ်၊ ခြောက်ဆယ်လောက်တူးရုံနဲ့ရေထွက်တယ်။ ရေအခက်အခဲကို အဓိကထားဖြေရှင်းပေးရမယ့်အနေအထား” လို့ သူကပြောပါတယ်။
အဲဒီဒေသကစစ်ရှောင်တွေဟာ နွေရာသီမတိုင်ခင်က ရွာနားတဝိုက်က ရေကန်လေးတွေဆီကနေ ချိုးရေသုံးရေအသုံးပြုခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ ရာသီဥတုပူပြင်းတာကြောင့် ရေအိုင်တွေလည်း ရေတွေခမ်းခြောက်ကုန်ပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ခင်ဦးမှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ စစ်ရှောင်ရင်း အသက် ၈၀ အရွယ်အဖွားအိုတစ်ဦး ရေဓာတ်ခမ်း ချွေးထွက်လွန်ပြီး သေဆုံးသွားတယ်လို့ သူကဆက်ပြောပါတယ်။
“၁၉ရက်နေ့က အနောက်ခြမ်းမှာ တနေကုန်နီးပါးပတ်ရှောင်ရတာ။နေပူချည်းထဲ လက်နက်ကြီးတွေနဲ့ပစ်တော့ ဟိုနေရာရွှေ့ ဒီနေရာရွှေ့ လှည့်ပတ်ပြေးနေရတာ။ အဲ့ဒီအဖွားအိုက သုံးဘီးလေးနဲ့လိုက်လာရင်းရေဆာတယ်။ ရေဆာတယ်ဆိုပြီးပြောတာ။ ကျွန်တော်တို့လှည့်ပတ်ပြေးတဲ့နေရာက သောက်ရေအိုးမရှိတာ၊ ဘုံဘိုင်တွင်းမရှိတာ အဲ့လိုမျိုးဖြစ်သွားတယ်။ အဲဒီအခါမှာ သုံးဘီးပေါ်ကချလိုက်တဲ့အချိန်မှာ အဖွားအိုက အသက်မရှိတော့တာ” လို့ပြောပါတယ်။
လက်ရှိ ခင်ဦးမြို့နယ်ထဲမှာ ကန့်ဘလူ၊ ရွှေဘိုစတဲ့မြို့နယ်တွေက စစ်ဘေးရှောင်တွေပါ ရောက်ရှိနေတာကြောင့် စစ်ရှောင်ဦးရေသောင်းကျော်ရှိနေပြီး အဲဒီစစ်ရှောင်စခန်းတွေမှာ သောက်သုံးရေနဲ့ နေစရာအခက်အခဲတွေ အဓိက ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေအတွက် ရေအခက်အခဲဖြေရှင်းဖို့အတွက် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ နှိုးဆော်ထားပြီး ကူညီလှူဒါန်းလိုပါက Page ရဲ့ messenger ကတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
ပုံစာ – စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ ခင်ဦးဒေသခံများ
Photo-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

