ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၃ (မော်ကွန်း)
ပြီးခဲ့တဲ့ရက်ပိုင်းက ပဲခူးမြစ်ရေကြီးမှုကြောင့် လူခြောက်ဦးသေဆုံးခဲ့တယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။
“အမျိုးသား ငါးဦး၊ အဘွားအိုတစ်ဦး ပါပါတယ်။” လို့သူကပြောပါတယ်။
မဂ္ဂတစ်လမ်းမကြီးအနီးမှာ လူနှစ်ဦး၊ ကလိကျေးရွာမှာ လုံခြုံရေးဝန်ထမ်းနှစ်ဦး၊ မဟာမြိုင်ရပ်ကွက်မှာ အဘွားအိုတစ်ဦး၊ နဲ့ မြို့ပေါ်ကကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားတဲ့ ဘုန်းကြီးကျောင်းအနောက်ခြမ်းမှာ လူတစ်ဦးသေဆုံးခဲ့တယ်လို့သူကပြောပါတယ်။
အဲဒီသေဆုံးမှုတွေထဲမှာ ရေတက်နေချိန်ရေဆင်းကူးလို့ ရေနစ်ပြီးသေဆုံးတာ နှစ်ဦး၊ အရက်မူးပြီးရေထဲပြုတ်ကျသေဆုံးသူ သုံးဦး၊ နောက်ပြီး အဘွားအိုတစ်ဦးကတော့ ရေတက်နေချိန်သွားလာရင်း ရေနစ်သေဆုံးခဲ့တယ်လို့ အဲ့ဒီအသင်းတာဝန်ခံကပြောပါတယ်။
စစ်ကောင်စီကတော့ အခုတစ်ခေါက်ပဲခူးရေကြီးမှုဟာ လူအသေအပျောက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၇ ရက်ကစတင်ပြီး မိုးကြီးပြီး မြစ်ရေတွေတက်လာလို့ ပဲခူးမြို့က ပြည်သူတစ်သောင်းကျော်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ သွားရောက်တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိ ပဲခူးမြို့ပေါ်မှာ ရေပြန်ကျသွားပြီဖြစ်သလို မြေနိမ့်ပိုင်းရပ်ကွက်တွေ ကျေးရွာတွေ မှာ ရေမြုပ်နေတုန်း ဖြစ်တာကြောင့် စားနပ်ရိက္ခာအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။
ပုံစာ – အောက်တိုဘာ ၁၁၊ ပဲခူးမြို့ပေါ်မှာ ရေကြီးမှုမြင်ကွင်း။
ဓာတ်ပုံ – Htin Kyaw