ပုလဲ – ၂၀၂၃ ဖေဖော်ဝါရီ ၁၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ ညနေ ၄:၀၀ ဝန်းကျင်က မိုင်းဆွဲခံခဲ့ရပါတယ်။
အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ စစ်သား ခုနစ်ယောက် ကင်းထောက်ထွက်လာချိန်မှာအသင့်ထောင်ထားတဲ့မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ကတာဝန်ရှိသူ ရဲဘော်ပေကပြောပါတယ်။
“သူတို့ထွက်လာတာကိုကျွန်တော်တို့အသင့်ကာထားတဲ့ရှေ့ထွက်မိုင်းသုံးလုံးနဲ့ ဖောက်ခွဲခဲ့တာပါ”လို့ရဲဘော်ပေကပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် စစ်သားသုံးဦးနေရာတင်သေဆုံးသွားပြီး စစ်သားတစ်ဦး ထိခိုက်ဒဏ်ရာရကာ သေဆုံးနဲ့ဒဏ်ရာရစစ်သားတွေကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲကို ပို့ဆောင်လိုက်တယ်လို့ ရဲဘော်ပေကပြောပါတယ်။
ပုလဲ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲမှာ အာဏာသိမ်းစစ်တပ်စစ်သား အင်အား ၆၀ခန့်တပ်စွဲထားတယ်လို့သူက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်နဲ့ ပုလဲ မြို့နယ်အကြားကကျားတက်ရွာမှာ မနေ့က အာဏာသိမ်းစစ်တပ်တိုက်ခိုက်မှုကိုခံရပြီး ဒေါင်းနက်ပြောက်ကျား တပ်ဖွဲ့ကရဲဘော်လေးဦးအပါအဝင် စုစုပေါင်းရဲဘော် ၇ဦး ကျဆုံးခဲ့ရတယ်လို့ရဲဘော်ပေကပြောပါတယ်။
” မိုင်းသွားကာတာ စစ်သားတွေနဲ့ထိပ်တိုက်တွေ့ပြီး ငါးယောက်က မီးရှို့သတ်ခံလိုက်ရတယ်၊ နှစ်ယောက်ကတော့လည်ပင်းလှီးသတ်ခံထားရတယ်၊ အခြား ငါးယောက်ဒဏ်ရာရတယ်”လို့ ရဲဘော်ပေကပြောပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်သတ်ဖြတ်ခဲ့တဲ့ ရဲဘော်တွေကို မနေ့ကပဲ သဂြိုလ်လိုက်တယ်လို့ သူကပြောပါတယ်။
#Dailynews

