ရန်ကုန် – ၂၀၂၅ မေ ၂ (မော်ကွန်း)
စစ်ကောင်စီနဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တရုတ်နိုင်ငံ ကူးမင်းမြို့မှာ ထပ်မံတွေ့ဆုံကြပေမယ့် နှစ်ဖက်သဘောတူညီချက်မရဘဲ ဆွေးနွေးပွဲပြီးဆုံးသွားတယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
TNLA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကထစ) ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုအရ ပြီးခဲ့တဲ့လ ၂၈ ရက်နဲ့ ၂၉ ရက်မှာ ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံခဲ့ကြတာပါ။
၎င်းတွေ့ဆုံပွဲမှာ စစ်ကောင်စီက TNLA သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ် မြို့တွေက TNLA တပ်တွေအားလုံးကို နမ့်ဆန်နဲ့ မန်တုံမြို့နယ်တွေထိ တပ်ဆုတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။
၎င်းတောင်းဆိုချက်ကို TNLA က သဘောမတူနိုင်တာကြောင့် နှစ်ဖက်ဆွေးနွေးပွဲပျက်ခဲ့ပြီး နောက်သုံးလမှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ TNLA ကြားမှာ ကိုးကန့်တပ်ဖွဲ့ MNDAA လို တစ်ဆင့်တိုးအပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ဖို့ ဆွေးနွေးခဲ့ကြပြီး လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ အားလုံးရပ်တန့်ဖို့နဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ဖို့ တရုတ်နိုင်ငံဘက်က ညှိနှိုင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလပိုင်းကလည်း စစ်ကောင်စီနဲ့ TNLA တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြပြီး သဘောတူညီမှု တစ်ခုမှ မရခဲ့ပေမယ့် လက်ရှိမှာ ထပ်မံတွေ့ဆုံခဲ့ကြတာပါ။
၎င်းတွေ့ဆုံပွဲအပြီးမှာပဲ စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို လေကြောင်းကနေ သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
၂၀၂၃ အောက်တိုဘာလမှာ အစပြုခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်တပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုးနဲ့ ချင်းရွှေဟော်တို့လို တရုတ်နယ်စပ်လမ်းကြောင်းမှာရှိတဲ့ ဒေသတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လပိုင်းကတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကနေ ကိုးကန့်တပ် (MNDAA) တွေ ဆုတ်ခွာပေးခဲ့ပြီး စစ်ကောင်စီတပ်တွေ နေရာပြန်ဝင်ယူခဲ့ပါတယ်။
ပုံစာ – ဆွေးနွေးပွဲမှာ ပါဝင်တဲ့ TNLA ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား
ဓါတ်ပုံ – TNLA

