ရေစကြို – ၂၀၂၃ ဇွန် ၁၈ (မော်ကွန်း)
မကွေးတ်ိုင်း၊ ရေစကြိုမြို့နယ်၊ အောင်မိုးလမ်းခွဲမှာ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ယူနီဖောင််းတွေ ဝတ်ဆင်ပြီး မနေ့ညနေပိုင်းက လမ်းပေါ်တက်စစ်ဆေးနေတာကြောင့် ပြည်သူတွေအနေနဲ့သတိထားကြဖို့ ရေစကြို ပ.က.ဖက သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
“စကစဘက်က ကျွန်တော်တို့ယူနီဖောင်းတွေသိမ်းဆည်းသွားတယ်ပေါ့နော်၊ သုံးလေးစုံလောက်သိမ်းဆည်းသွားပြီး လမ်းပေါ်တက်စစ်ဆေးနေတာကြောင့်ပြည်သူတွေအနေနဲ့ ထင်ယောင်ထင်မှားဖြစ်ပြီးအန္တရာယ်ဖြစ်နိုင်တယ်လို့” ရေစကြိုပ.က.ဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
ရေစကြို ပ.က.ဖ ယူနီဖောင်းတွေနဲ့ ရေစကြို ပ.က.ဖရဲဘော်တွေအဖြစ် ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်တဲ့အပြင် ငွေကြေးတောင်းခံတာ၊သတင်းမေးတာတွေလုပ်လာနိုင်လို့ ပြည်သူတွေအနေနဲ့သတိထားကြဖို့ သူကပြောပါတယ်။
ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ဇွန် ၁၃ရက်နေ့ မနက် ၄း၀၀နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ရဲဘော်ဂျင်ဘီးကိုအရှင်ဖမ်းဆီးသွားကာ သုံးရက်အကြာချင်းတွင်းမြစ််ထဲမှာ အလောင်းပြန်ရခဲ့ပါတယ်။
“ရဲဘော်ကအရှင်ဖမ်းမိသွားတာ၊ လက်ပြန်ကြိုးတုပ်ပြီးခေါ်သွားတာ၊ သူက သူ့ကင်းအလှည့်ပြီးသွားလို့အိပ်နေတာ၊ ရုတ်တရက်စီးနင်းခံလိုက်ရတော့ပါသွားတာ”လို့ သူကပြောပါတယ်။
ရေစကြို ပကဖစခန်းစီးနင်းခံရပြီး စခန်းက ကားတစ်စီး၊စစ်အသုံးဆောင်နဲ့ဖောက်ခွဲရေးပစ္စည်းတွေဆုံးရှုံးသွားခဲ့ပါတယ်။
#Dailynews

