နေပြည်တော်-၂၀၂၂ စက်တင်ဘာ ၂ (မော်ကွန်း)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို အကြမ်းဖက်စစ်ကောင်စီတရားရုံးက အလုပ်နဲ့ထောင်ဒဏ်သုံးနှစ်စီဒီကနေ့အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။
သူတို့သုံးဦးကို စစ်ကောင်စီကစွပ်စွဲထားတဲ့ ရွေးကောက်ပွဲဆိုင်ရာမဲမသမာမှုစွပ်စွဲချက်နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က)နဲ့ အမိန့်ချလိုက်တာဖြစ်ပြီး ချုပ်ရက်ထုတ်နှုတ်ခံစားခွင့်မပြုဘူးလို့ သိရပါတယ်။ အခုလိုအမိန့်ချလိုက်တဲ့အပေါ် တရားရုံးနဲ့နီးစပ်တဲ့ ဥပဒေပညာရှင်တစ်ဦးက အခုလိုထောက်ပြပါတယ်။
“သမ္မတနဲ့ အတိုင်ပင်ခံက အပြစ်မှမရှိတာ။မဲမသမာမှုမဲခိုးမှုဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ဥပဒေပြဌာန်းထားပြီးသားရှိတယ်။
အတိုင်ပင်ခံတို့ သမ္မတတို့ ၂၀၂၀ နိုဝင်ဘာ၈ ရက်ရွေးကောက်ပွဲမှာ မဲခိုးပါတယ်ဆိုရင် တစ်ဖက်ကယှဉ်ပြိုင်တဲ့လူက တရားစွဲထားတာလည်းမရှိဘူး။
ဘယ်သူမှမရှိဘူး။ သူတို့(စစ်ကောင်စီ)ဖမ်းဆီးထိန်းသိမ်းထားလို့ရအောင်လုပ်တာပါ” လို့ဆိုပါတယ်။
အခုဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အာဏာသိမ်းစစ်ကောင်စီကစွပ်စွဲထားတဲ့အမှုပေါင်း ၁၉ခုထဲက ၁၁မှုနဲ့ထောင်ဒဏ်ချမှတ်ထားတာဟာ စုစုပေါင်း နှစ် ၂၀ အထိရှိလာပြီဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကတော့ စစ်ကောင်စီကတရားစွဲထားတဲ့ အမှုပေါင်း ၈မှုထဲက သုံးမှုနဲ့ ပြစ်ဒဏ်စုစုပေါင်း ငါးနှစ်အထိရှိလာနေပြီဖြစ်ပါတယ်။
Photo: Mawkun
#Dailynews

