ထီးလင်း – ၂၀၂၁ နိုဝင်ဘာ ၁၉ (မော်ကွန်း)
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်တွေသတ်ဖြတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့က ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေက စစ်ဘေးရှောင်ရွာသား နှစ်ဦးကိုလည်းကောင်း၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထီးလင်းမြို့နယ် ထန်းပင်ကုန်း ရွာအနီးမှာ စစ်ဘေးရှောင်အရပ်သား သုံးဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့မှာပဲ ထီးလင်းမြို့နယ် ထန်းပင်ကုန်း ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ YDF(ထီးလင်း)၊CDF(မင်းတပ်)ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ YDF(ထီးလင်း)မှ ရဲဘော် ၁၃ဦး၊ CDF(မင်းတပ်)မှ ရဲဘော် ၁ဦးကျဆုံးပြီး YDF(ထီးလင်း)မှ ၂ဦး၊ CDF(မင်းတပ်)မှ ၁ဦး(မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့တယ်လို့ YDFက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်ကလည်း ၁၀ဦးခန့်ကျဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို YDFက ဆိုပါတယ်။
လတ်တလောမှာတော့ ဂန့်ဂေါ၊ ထီးလင်းနဲ့ ဆောနယ်တွေမှာ စစ်ရေး တင်းမာနေပြီး ဆောနယ်ဘက်မှာလည်း စစ်တပ်က ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာလ(၁၉) ရက်နေ့ မနက် ၉:၃၀ ခန့်က ဂန့်ဂေါမြို့ တောင်ဘက်ကို ထွက်ခွာလာတဲ့ အံစာတုံးကားနှစ်စီးအနက် တစ်စီးကို မိုင်တိုင် (၁၃) အနီးမှာ PDF-GanGaw တပ်ခွဲ (၂) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ ငါးဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ PDF-GanGaw က သတင်းထုတ်ပြန်ပါတယ်။
#Dailynews

