ရန်ကုန်- ၂၀၂၃ စက်တင်ဘာ ၁၃ (မော်ကွန်း)
တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ဦးရေ သုံးသောင်းခွဲကျော်ထိရှိလာပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရေးထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။
ထားဝယ်၊ လောင်းလုံ၊ ပုလော၊ တနင်္သာရီ၊ ကော့သောင်း အစရှိတဲ့မြို့နယ်တွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲတွေဖြစ်ကာ ဒေသခံတွေကို ဖမ်းဆီးမှုတွေကြောင့် ဩဂုတ်လအတွင်းမှာ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်အရေအတွက် မြင့်တက်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ ဒေါန-တနင်္သာရီစစ်ဘေးရှောင် အထောက်အကူပြုအဖွဲ့က မနေ့ကထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်အရေအတွက်ဟာ ဇူလိုင်လအတွင်းက သုံးသောင်းကျော်ထိ ရှိခဲ့ပြီး ဩဂုတ်လမှာတော့ သုံးသောင်းခွဲကျော်အထိ မြင့်တက်ခဲ့တယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုအဖွဲ့ရဲ့ အစီရင်ခံစာ ဖော်ပြချက်တွေအရ သိရပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ တကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်မှုတွေကြောင့် ထားဝယ်ခရိုင် အရှေ့တောဒေသမှာ စစ်ဘေးရှောင် ၂,၀၀၀ ကျော်ခန့်၊ ရေဖြူမြို့နယ်အတွင်း ၈,၀၀၀ ခန့်၊ သရက်ချောင်းမြို့နယ်အတွင်း ၃,၀၀၀ ခန့်နဲ့ လောင်းလုံးမြို့နယ်မှာ ၆,၅၀၀ ခန့် ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြိတ်ခရိုင်အတွင်းက ပုလောနဲ့ တနင်္သာရီမြို့နယ်တွေမှာမှာလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ပုလောဒေသခံ တစ်သောင်းကျော်နဲ့ တနင်္သာရီဒေသခံ ၄,၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။
အလားတူ ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာမှာ ယခင်လက ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ယာယီစစ်ဘေးရှောင် ၁၀၀ ကျော်ရှိခဲ့ပြီး ပုလောမြို့နယ်က စစ်ရှောင်စခန်းတွေမှာတော့ အမြဲတမ်းစစ်ဘေးရှောင် ၂,၆၀၀ ကျော်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ကျန်းမာရေးပြုစုကုသမှုတွေမှာ အခက်အခဲတွေဖြစ်နေပြီး စစ်ဘေးရှောင်တွေ နေထိုင်ရေးအတွက် အမိုးအကာလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်တွေရဲ့ နေရာတွေကို သွားရောက်ကူညီဖို့အတွက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ခက်ခဲနေတာ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူရှားပါးတာတွေကလည်း အခက်အခဲပိုဖြစ်စေတယ်လို့ ၎င်းက ပြောပါတယ်။
“တိမ်းရှောင်ရတာကြာလာတဲ့ စစ်ဘေးရှောင်တွေ အထူးသဖြင့် အိမ်ပြန်လို့မရကြတော့တဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ လိုအပ်နေပါတယ်။ ပြီးတော့ ပညာရေးအပေါ် လက်လှမ်းမီနိုင်မှုလည်း အကန့်အသတ်ရှိနေပါတယ်” လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ စစ်ဘေးရှောင်တွေအနက် အခြေအနေပြန်လည်တည်ငြိမ်သွားတဲ့အတွက် နေရပ်ပြန်သွားကြသူတွေလည်းရှိပြီး နေရပ်ပြန်ဖို့ မဖြစ်နိုင်သူတွေကတော့ နီးစပ်ရာ ဥယျဉ်ခြံမြေတွေ၊ မြေလွတ်တွေမှာ ပြောင်းရွှေ့နေကြရတယ်လို့ လောင်းလုံမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
နိုင်ငံရဲ့ တောင်ပိုင်းဒေသဖြစ်တဲ့ တနင်္သာရီတိုင်းဟာ စစ်ကောင်စီကို တော်လှန်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့ ဒေသတစ်ခုဖြစ်ပြီး တနင်္သာရီတိုင်းအတွင်းက တနင်္သာရီ၊ ပုလော၊ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
စစ်ကောင်စီက တနင်္သာရီမြို့နဲ့ ပုလောမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးဒေသတွေအဖြစ် ယခုနှစ် ဖေဖော်ဝါရီလပိုင်းက သတ်မှတ်ကြေညာခဲ့ပါတယ်။
ပုံစာ – တနင်္သာရီတိုင်းက စစ်ဘေးရှောင်များ
Photo – ဒေါန-တနင်္သာရီ စစ်ဘေးရှောင်အထောက်ကူပြုအဖွဲ့
#Dailynews

