ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၆ (မော်ကွန်း)
မနေ့ညက ဗဟန်းမြို့နယ်နေထိုင်သူနှစ်ဦးကို ရဲတပ်ဖွဲ့ကအင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“မနေ့ည ၉:၄၅ နာရီလောက်က ဆရာစံမြောက်အနောက်ရပ်ကွက်၊ သီရိဂုဏ်ရည်ခြံထဲကတစ်ယောက်၊ မြို့ပတ်လမ်းအပိုင်း ၃ က တစ်ယောက်၊ စုစုပေါင်း နှစ်ယောက်ဖမ်းခံလိုက်ရတာပါ။” လို့ ဗဟန်းမြို့နယ်နေထိုင်သူတစ်ဦးကပြောပါတယ်။
ဧည့်စာရင်းဝင်စစ်ရင်းအဖမ်းခံရတာမဟုတ်ဘဲ မှုခင်းရဲတပ်ဖွဲ့မှ အိမ်စီးကားသုံးစီး၊ ဗဟန်းရဲစခန်းမှ အင်အား ၁၀ ဦးအပါ မီးတန်းမော်တော်ယာဉ်တစ်စီးနဲ့ လိပ်စာအတိအကျသတင်းရပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကိုဘာအမှုနဲ့ဖမ်းဆီးထားလည်းဆိုတာတော့မသိရသေးပါဘူး။ အခုချိန်ထိတော့ပြန်မလွတ်သေးဘူးလို့သိရပါတယ်။
လွန်ခဲ့တဲ့နှစ်ရက်ညပိုင်းလောက်မှာ ဗဟန်းမြို့နယ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဦးစီးဌာနတွေ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာပါ။
ရန်ကုန်ကမြို့နယ်အချို့မှာ တစ်ပြိုင်နက်တည်းဗုံးခွဲတိုက်ခိုက်တွေဖြစ်ပွါးခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုတွေကို Anonymous Freedom Fighter Force – AFF ကဦးဆောင်ပြီး Freeland Attack Force- FLA၊ Phoenix Urban Guerrilla Force၊ Emerald Girls Army- EGA နဲ့ Rangoon Urban Force တို့က ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ပါတယ်။
#Dailynews

