ရန်ကုန်- ၂၀၂၄ အောက်တိုဘာ ၁၁ (မော်ကွန်း)
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့အနီးမှာ ဒီနေ့မနက် ၁၁ နာရီကျော်က အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၃ အဆင့် အားအသင့်အတင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
သပိတ်ကျင်းမြို့အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာ၊ မြေအောက်အနက် ၁၀ ကီလို မီတာ(ခြောက်မိုင်ကျော်) ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ ထုတ်ပြန်ပေမယ့် ပျက်စီးထိခိုက်မှုအခြေအနေ ရှိ၊ မရှိ မဖော်ပြပါဘူး။
သပိတ်ကျင်းမြို့ဟာ ၂၀၁၂၊ နိုဝင်ဘာလမှာ ငလျင်ဒဏ်ကို အပြင်းအထန်ခံခဲ့ရဖူးပြီး လူသေဆုံးတာ၊ ဒဏ်ရာရတာနဲ့ အဆောက်အအုံတွေ ပြိုကျတာအထိ ဖြစ်ခဲ့ဖူးတာပါ။ အခုတော့ အဲဒီမြို့သူမြို့သားအများစုဟာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်းနေကြရပါတယ်။
မြန်မာနိုင်ငံမှာ နောက်ဆုံးအကြိမ် ငလျင်ဒဏ်ကို အကြီးအကျယ်ခံခဲ့ရတာက ပုဂံငလျင်လို့ အများသိကြတဲ့ ချောက်မြို့အနီးက ငလျင်လှုပ်ခတ်မှုပါ။ အဲဒီငလျင်ကြောင့် ရှေးဟောင်း ပုဂံစေတီပုထိုးပေါင်း ၄၀၀ ကျော် ပြိုကျပျက်စီးခဲ့ရတာပါ။ အခုအချိန်ထိ ဘုရားတွေကို ထိန်းသိမ်းပြုပြင်လို့ မပြီးကြသေးပါဘူး။
မြန်မာဟာ ကမ္ဘာ့ငလျင်ကြောကြီးနှစ်ခုအနက် အယ်လ်ပိုက်ငလျင်ကြော (Alpide-HimalayaBelt) ပေါ်မှာတည်ရှိပြီး အဲဒီငလျင်ကြောကို မြန်မာတွေက စစ်ကိုင်းပြတ်ရွေ့လို့ အသိများပါတယ်။
ငလျင်ပညာရှင်တွေရဲ့တွက်ချက်မှုအရ စစ်ကိုင်းပြတ်ရွေ့မှာ ကြီးမားအားပြင်းတဲ့ငလျင်ဖြစ်ပေါ်ဖို့ တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ နှစ် ၁၆၀ လောက်ကြာမယ်လို့ ခန့်မှန်းထားပြီး အဲဒီငလျင်ကြောကြီးမှာ နောက်ဆုံးအကြိမ် အားပြင်ငလျင်လှုပ်ခတ်ခဲ့တာက ပဲခူးငလျင်လို့ ခေါ်ကြတဲ့ ၁၉၃၀ ခုနှစ်က ငလျင်ပါ။
အခုဆိုရင် နှစ် ၉၀ ကျော် ကြာခဲ့ပြီဖြစ်တဲ့ အဲဒီငလျင်ကြောင့် ပဲခူးနဲ့ ရန်ကုန်မှာ လူသေဆုံးမှုတွေရှိခဲ့ပြီး ပဲခူးရွှေမောဓောဘုရားရဲ့ထီးတော် မြေခခဲ့ရတာပါ။
စစ်ကိုင်းပြတ်ရွေ့ဟာ စစ်ကိုင်း၊ မန္တလေး၊ မိတ္ထီလာ၊ သာစည်၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူ၊ ဖြူးနဲ့ ပဲခူးမြို့တွေ ကို ဖြတ်သန်းသွားတဲ့ အဓိကငလျင်ကြောကြီးဖြစ်ပြီး တခြားငလျင်ကြောအများအပြားလည်း မြန်မာနိုင်ငံမှာ တည်ရှိပါတယ်။
ကဘော်ပြတ်ရွေ့၊ကျောက်ကြမ်းပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ နန်းမပြတ်ရွေ့၊ ရွှေလီပြတ်ရွေ့၊ ဖာပွန်ပြတ်ရွေ့နဲ့ မြောက်ဦးပြတ်ရွေ့ ဆိုတဲ့ ငလျင်ကြောတွေဟာ ပညာရှင်တွေကြား လူသိများပါတယ်။
ထိခိုက်ပျက်စီးမှုရှိခဲ့သလို မြန်မာနိုင်ငံမှာ လှုပ်ခဲ့ဖူးတဲ့ အင်အားပြင်းငလျင်တွေကတော့ ၁၈၃၉ ခုနှစ်က မင်းကွန်းပုထိုးတော်ကြီး ပျက်စီးစေခဲ့တဲ့ အင်းဝငလျင်၊ ၁၉၀၆ နဲ့ ၁၉၀၈ ခုနှစ်က ပူတာအိုငလျင်၊ ၁၉၁၂ က မေမြို့ငလျင်၊ ၁၉၂၇ က ရန်ကုန်ငလျင်၊ ၁၉၂၉ က ဆွာငလျင်၊ ၁၉၃၀ က ပဲခူးနဲ့ ဖြူးငလျင်၊ ၁၉၃၁ က ကာမိုင်းငလျင်နဲ့ ၁၉၄၆ မှာ တစ်နှစ်ထဲ နှစ်ကြိမ်လှုပ်ခဲ့တဲ့ တကောင်းငလျင်တို့ ဖြစ်ပါတယ်။
ဒါအပြင် ၁၉၅၆ က စစ်ကိုင်းငလျင်၊ ၁၉၇၅ က ပုဂံငလျင်၊ ၁၉၉၁ က တကောင်းငလျင်၊ ၂၀၀၃ က တောင်တွင်းကြီးငလျင်၊ ၂၀၁၁ က တာလေငလျင်၊ ၂၀၁၂ က သပိတ်ကျင်းငလျင်၊ ၂၀၁၅ က မုံရွာ-ကနီ ငလျင်နဲ့ ၂၀၁၆ မှာ လှုပ်ခဲ့တဲ့ မော်လိုက်ငလျင်နဲ့ ချောက်ငလျင်တို့ပဲဖြစ်ပါတယ်။
ပုံစာ- ၂၀၁၆ ခြောက်ငလျင် လှုပ်စဉ်က ပုဂံက ဘုရားတစ်ဆူပြိုကျပျက်စီးနေပုံ။
ဓါတ်ပုံ- rrdmyanmar
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


