ပခုက္ကူ – ၂၀၂၂ မေ ၁၀ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ပျူစောထီးတွေနဲ့ အာဏာသိမ်းစစ်တပ် ပူးပေါင်းပြီး မြို့တွင်းလမ်းတွေမှာ ပိတ်ဆို့စစ်ဆေးကာ ပြည်သူတွေဆီကနေ ငွေတောင်းခံမှုတွေကို အခုလအတွင်းမှာ မကြာခဏပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
“ဆိုင်ကယ်ဆိုရင် သော့ဖြုတ်ပြီး ပိုက်ဆံတောင်းတယ်၊ပိုက်ဆံရှိသူဆိုရင်ပိုတောင်းတယ်၊ပိုက်ဆံမရှိတဲ့သူဆိုရင် ၅၀၀၀ အနည်းဆုံးတောင်းတယ်”လို့ ဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
မြို့အဝင်အထွက်တွေမှာ အဓိကထားတောင်းခံနေတာဖြစ်ပြီး စစ်ဆေးရေးဂိတ်၊ အဝင်အထွက်၊ပခုက္ကူဧရာဝတီတံတားထိပ်တွေမှာ ငွေတောင်းခံနေတာလို့ ဒေသခံကဆိုပါတယ်။
“ကားသမားတွေရော၊ဒေသခံတွေရောမကျေနပ်ပေမယ့် ဘာတတ်နိုင်မှာလဲပေးကြရတာပဲ၊ စဉ်စားကြည့်မြို့တစ်မြို့တစ်နေ့တစ်နေ့ဖြတ်နေတဲ့ကားပေါင်းကမနည်းဘူး”လို့ဒေသခံကဆိုပါတယ်။
အခုလို ပိတ်ဆို့ပြီး ငွေတာင်းတဲ့အပြင် အမျိုးသားနှစ်ဦးဆိုင်ကယ်စီးရင်လည်း လိုက်လံပစ်ခတ်မှုတွေရှိတယ်လို့ ဒေသခံကပြောပါတယ်။
#Dailynews

