ဘားအံ-၂၀၂၄ ဖေဖော်ဝါရီ ၁၉ (မော်ကွန်း)
ကရင်ပြည်နယ် ဘားအံမြို့ရှောင်လမ်း၊ ကြာအင်းတောင်ကြားလမ်းမှာ ဒီနေ့မနက်ပိုင်းက ကရင်ဇာတ်အဖွဲ့တစ်ခုရဲ့ကား တောင်ပေါ်ကနေ ချောက်ထဲပြုတ်ကျလို့ တစ်ဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ဘားအံမြို့ရှောင်လမ်းအတက်၊ တောင်အတက်မှာ တက်ရင်းနဲ့ ဘရိတ်ပေါက်ပြီး နောက်ပြန်လိမ့်ပြီး ချောက်ထဲပြုတ်ကျတာ။ သူတို့ကျတဲ့ချောက်က လမ်းမနဲ့ဆို ပေနှစ်ဆယ်လောက်တော့ ဝေးတယ်ဗျ ” လို့ သူကပြောပါတယ်။
အဲဒီဇာတ်အဖွဲ့ဟာ ကရင်ပြည်နယ်အခြေစိုက် “ယှယံင့်ဝဝ်အွာ” ဆိုတဲ့ ကရင်ဇာတ်အဖွဲ့တစ်ခုဖြစ်ပြီး ယာဉ်ပေါ်ပါသူ ၁၁ ဦးထဲက တစ်ဦးသေကာ ၁၀ ဦးလုံး ဒဏ်ရာရထားတယ်လို့ သူကဆိုပါတယ်။
“ဒဏ်ရာရသူတွေထဲက ပိုပြီးဆိုးဆိုးရွားရွားဖြစ်တာ ခြောက်ဦးပါ။ ဦးခေါင်းထိခိုက်လို့ စိုးရိမ်ရသူလည်းရှိတယ်။ နောက်ပြီး ခြေထောက်ကျိုးတဲ့သူကောရှိတယ်။ အဓိကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး သတိမေ့နေတဲ့သူရှိတယ်”လို့ သူကဆက်ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သူဟာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)က ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ဒဏ်ရာရသူတွေအားလုံးကို ဘားအံဆေးရုံမှာ ဆေးကုသမှုပေးနေကာ လိုအပ်ရင် ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းပေးဖို့ လုပ်ဆောင်ထားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၅ ရက်တုန်းကလည်း အာရှလမ်းပေါ်က ကွမ်းခြံကုန်းအဆင်းမှာ ပွင့်နေခြည်ဆိုတဲ့ ဇာတ်အဖွဲ့ကို တင်ဆောင်လာတဲ့ခြောက်ဘီးကား ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်ပေါ်ပါလာသူတွေထဲက ၁၁ ဦး သေဆုံးခဲ့ပါသေးတယ်။
ပုံစာ-ဘရိတ်ပေါက်ပြီးချောက်ထဲပြုတ်ကျခဲ့တဲ့ ဇာတ်အဖွဲ့ရဲ့ကား။
ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)

