ရန်ကုန်-၂၀၂၅ ဇူလိုင် ၁ (မော်ကွန်း)
ဒလ-ရန်ကုန် ကူးတို့ဆိပ်တွေကို စစ်ကောင်စီက ဒီနေ့ညမှာ ယာယီပိတ်လိုက်တဲ့အတွက် တဖက်ကမ်း ဒလမြို့ကို ပြန်မယ့် ရာနဲ့ချီတဲ့လူတွေ ပိတ်မိခဲ့ပါတယ်။
” ရှစ်နာရီခွဲလောက်ကတည်းက သမ္ဗာန်ကမရှိတော့တာ။ ဘာဖြစ်လဲမသိပါဘူး”လို့ ဒလမြို့ ဘက်ကိုကူးမယ့် ကမာကဆစ်လှေဆိပ်မှာ စောင့်နေသူတစ်ဦးက ဒီနေ့ညပိုင်းမှာပြောပါတယ်။
လှေဆိပ်တွေကို ပိတ်လိုက်တာကြောင့် ရာနဲ့ချီတဲ့ လူတွေဟာ သမ္မတကမ်းကမ်းခြေ၊ ပန်းဆိုးတန်း၊ ကမာကသွယ်၊ စက်မြေ၊ ကမာကဆစ်နဲ့ မှော်စက်လို ဒလဘက်ကူးတဲ့ စက်လှေဂိတ်တွေမှာ ပိတ်မိခဲ့ကြပါတယ်။
ဒလမြို့ဘက်မှာတော့ လှေဆိပ်တွေကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစောင့်ပြီး လှေစီးကမ်းကူးလာသူတွေကို ရှာဖွေစစ်ဆေးရေးလုပ်တာကို တွေ့ရပါတယ်။
” လှိုင်သာယာဘက်မှာ ပစ်ခံရလို့ ကြိုတင်ကာတဲ့အနေနဲ့ပိတ်တာလို့ သိရတယ်။ အသေးစိပ်တော့ မသိဘူး”လို့ ဒလ စစ်ကောင်စီအုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ဒီနေ့ ကြုံရတဲ့အခြေအနေကို ပြောပါတယ်။
ဒလမြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေဘက်က ဆိုင်ကယ်နဲ့ လုပ်ကြံသတ်ဖြတ်တာကြောင့် ဆိုင်ကယ်စီးနင်းခွင့်ပိတ်ခဲ့သလို စစ်ကောင်စီဒေါက်တိုင် ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ကို ရန်ကုန်မြို့ဘက်မှာ လျှပ်စစ်စပ်ဘီးနဲ့ ရှင်းလင်းခဲ့တာကြောင့် ဒလမြို့မှာ လျှပ်စစ်စက်ဘီးနဲ့ လျှပ်စစ်သုံးဘီး စီးခွင့်ကိုပိတ်ထားတာ ယနေ့အထိပါပဲ။

ပုံစာ- ဒီနေ့ည ပိတ်ဆို့မှုကြောင့် ရန်ကုန်မြစ်ဘေးမှာ ပိတ်မိနေတဲ့ ဒလဘက်ပြန်ကူးမည့်သူများ
ဓါတ်ပုံ- မော်ကွန်း

