ဆီဆိုင် -၂၀၂၃ မေ ၃၁ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာရှိတဲ့ စစ်ဘေးရှောင်ရှစ်ထောင်ကျော်ဟာ စားနပ်ရိက္ခာ ပြတ်လပ်နေပြီလို့ ကူညီပေးနေသူတွေက မော်ကွန်းကို ပြောပါတယ်။
“ သင်္ကြန်မတိုင်ခင်တုန်းကတော့ လာလှူတဲ့အလှူရှင်တွေ ရှိကြတယ်။ အဲဒီနောက်ပိုင်းတော့ အလှူရှင် မရှိတော့ဘူး။ တချို့ကလည်း နည်းနည်းပဲလာလှူကြတော့ ရှိတဲ့စစ်ရှောင်နဲ့ အရေအတွက်က လုံလောက်မှုမရှိဘူးပေါ့။ လက်ရှိက အလှူရှင် လုံလုံလောက်လောက်မလာတာက သင်္ကြန်ပြီးကတည်းကအခုချိန်ထိပေါ့။ အခုဘယ်လိုကြုံလဲဆိုတော့ စားနပ်ရိက္ခာပြတ်လပ်တာပေါ့” လို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ ခွန်ကျော်ဆွေက ပြောပါတယ်။
စစ်ရှောင်တချို့ဟာ ရိက္ခာပြတ်လပ်တာကြောင့် ချေးငှားစားသူတွေ၊ ရှိတာနဲ့ဆန်ပြုတ်ပြုတ်စားနေကြတာတွေရှိတယ်လို့ သူကပြောပါတယ်။ ဆီဆိုင်မြို့နယ်ထဲကစစ်ရှောင်တွေဟာ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ များတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်ကနေ ဆီဆိုင်မြို့ကို တစ်နှစ်ကျော်အကြာ စစ်ရှောင်နေသူ တစ်ဦးက “ နေရထိုင်ရတာတော့ အမိုးအကာတို့ကတော့ လုံခြုံမှုသိပ်မရှိဘူးပေါ့။ သူများနယ်မှာ ကိုယ်ကလာနေတော့ ကိုယ့်ဒေသနဲ့မတူတော့ တစ်မျိုးကြီးပဲပေါ့။ မိုးကာလဆိုတော့ ကလေးငယ်တွေက ချောင်းဆိုး ရင်ကြပ် နှာစေး တအားဖြစ်ကြတာပေါ့။ ကျွန်တော်တို့ အတွက်ကတော့ စားနပ်ရိက္ခာတို့ ဆေးဝါးတို့က ပြတ်လပ်စဖြစ်နေတာပေါ့” လို့ ပြောပါတယ်။
စစ်ရှောင်တွေထဲကတချို့ဟာ စားဝတ်နေရေးအတွက် နေ့စားအလုပ်တွေမှာလုပ်ကြပေမယ့် အလုပ်ပုံမှန်မရှိဘူးလို့ ပြောကြပါတယ်။
ဆီဆိုင်မြို့မှာ စစ်ရှောင်စခန်း ၄၀ ကျော်ရှိပြီး စစ်ဘေးရှောင်အရေအတွက် ၈,၄၀၀ ကျော်ရှိကာ အများစုက ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်ကတိုက်ပွဲတွေကြောင့် စစ်ရှောင်လာကြသူတွေဖြစ်ပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ဧပြီ ၂၀ အထိ ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော်အထိရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ-ဆီဆိုင်မြို့နယ်ထဲကစစ်ရှောင်စခန်းတစ်ခု
Photo – Khun kyaw swe
#Dailynews

