ရောဂါကာကွယ်ရေးဆိုင်ရာကန့်သတ်ပိတ်ဆို့မှုများသတ်မှတ်ခဲ့သည့်နောက် ရန်ကုန်ဘတ်စ်ကားစီးခရီးသည်အရေအတွက်တစ်ရှိန်ထိုးကျဆင်း

ရောဂါကာကွယ်ရေးဆိုင်ရာကန့်သတ်ပိတ်ဆို့မှုများသတ်မှတ်ခဲ့သည့်နောက် ရန်ကုန်ဘတ်စ်ကားစီးခရီးသည်အရေအတွက်တစ်ရှိန်ထိုးကျဆင်း

ရေဂင်
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၄ (မော်ကွန်း)

COVID-19 ရောဂါပိုး ကူးစက်မှု ဒုတိယအကြိမ် မြင့်တက်လာစဉ် ရောဂါကာကွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ရန်ကုန်မြို့၏ ဘတ်စ်ကားစီးခရီးသည် ဦးရေသည် တစ်ရှိန်ထိုး ကျဆင်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (YRTA) ၏ မှတ်တမ်းများတွင် ဖော်ပြသည်။

ဩဂုတ်လအထိ နေ့စဉ်ဘတ်စ်ကားစီးခရီးသည်အရေအတွက်သည် တစ်သန်းကျော် ရှိနေရာမှ စက်တင်ဘာလ ၁၉ ရက်တွင် နှစ်သိန်းလေးသောင်းကျော်အထိ စီးနင်းသူအရေအတွက် ထိုးကျခဲ့သည်ဟု YRTA မှတ်တမ်းများတွင် ဖော်ပြသည်။

မြင့်တက်နေသည့် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် စက်တင်ဘာ ဒုတိယအပတ်တွင် တိုင်းဒေသ ကြီးအပြင်ဘက်သို့ မထွက်ရန် အမိန့်ထုတ်ပြန်ခြင်း၊ အဝေးပြေးယာဉ်လိုင်းများကို ရပ်တန့်ခြင်း နှင့် စက်တင်ဘာ တတိယအပတ်တွင် တိုင်းဒေသကြီးတစ်ခုလုံးကို နေအိမ်တွင်နေထိုင်ရေးအစီအ စဉ်(Stay at Home) အစီအစဉ်များ ချမှတ်ခဲ့ပြီးနောက် မကြုံစဖူးသည့်နှုန်းဖြင့် ရန်ကုန်ဘတ်ကား စီးသူအရေအတွက် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

“ ကားတွေ လျှော့ပြေးဖို့၊ နားဖို့ကတော့ YRTA ကနေ ဘာမှ ပြောပိုင်ခွင့်မရှိပါဘူး။ ကုမ္ပဏီတွေက စီးတဲ့ လူဦးရေအပေါ်မူတည်ပြီး သူတို့အတွက် အဆင်ပြေမယ့် အစီအစဥ်အတိုင်း ပြေးဆွဲနေတာပဲရှိပါတယ်။ အခုက ရန်ကုန်ကို Stay at home လုပ်ခိုင်းထားတော့ စီးမယ့်သူကလည်း ထပ်လျော့နေဦးမှာပါပဲ” ဟု YRTA တွဲဘက် အတွင်းရေးမှူး ဦးလှအောင်က ယနေ့တွင် ပြောသည်။

ဩဂုတ်လတွင် နေ့စဉ် ယဉ်အစီးရေ ၂,၄၀၀ ကျော်ဖြင့် ပြေးဆွဲနေရသည့် ဘတ်စ်ကား အရေအတွက်သည် ယခုလတွင် အစီးရေ ၁,၇၀၀ အထိ ကျဆင်းလာခဲ့ပြီလည်း ဖြစ်သည်။

Power Eleven ယဥ်လိုင်းကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ကိုသက်တင်ဝင်းက “ခရီးသည် မရတော့ ကျွန်တော်တို့ Power Eleven ကုမ္ပဏီအနေနဲ့ကတော့ ပုံမှန်ပြေးနေတဲ့ ယဥ်စီးရေရဲ့ (၃၀) ရာခိုင်နှုန်းပဲ ပြေးတော့တယ်။ ကျွန်တော်တို့က နဂိုကတည်းက ကားသမားတွေကို လစာနဲ့ပေးတာမဟုတ်ဘဲ ရတဲ့အမြတ်ကို ရာခိုင်နှုန်းတစ်ခုနဲ့ ခွဲပေးတာဆိုတော့ နားသွားတဲ့ ကားသမားတွေကို အထူးလုပ်ပေးတာမျိုးတော့ မရှိပါဘူး” ဟု အခြေအနေကို ရှင်းပြသည်။

ရန်ကုန်မြို့တွင်း COVID -19 ပြန့်နှံ့မှုအားကောင်းလာသည့်နောက် စက်တင်ဘာ (၁၉) ရက်မှ စတင်၍ ရန်ကုန်မြို့အတွင်း YBS စီးနှင်သူဦးရေမှာ ယခင်ကထက် ရှစ်သိန်းကျော်အထိ ကျဆင်းသွားခဲကြောင်း YRTA ၏ နေ့စဥ် မှတ်တမ်းများအရ သိရသည်။

COVID-19 မဖြစ်ပွားမီအချိန်အထိ ရန်ကုန်တွင် နေ့စဉ် ဘတ်စ်ကားစီးခရီးသည် နှစ်သန်းခန့် ရှိပြီး ယာဉ်အစီးရေ ၄,၆၀၀ ဖြင့် ဝန်ဆောင်မှုပေးရကြောင်း YRTA မှတ်တမ်းများတွင် ဖော်ပြသည်။

စက်တင်ဘာ ၂၃ ရက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်သည် ပိုးကူးစက်ခံထားရသူ ၄,၇၀၀ ကျော်ဖြင့် အများဆုံးပိုးကူးခံနေရသည့် တိုင်းဒေသကြီး တစ်ခုအဖြစ်တည်ရှိနေသည်။

ပုံစာ- ရန်ကုန်မြို့တွင်းကားမှတ်တိုင်တစ်ခုဖြစ်သည့် လမ်း ၅၀ မှတ်တိုင်တွင် ဘတ်စ်ကားစီးရန် စောင့်နေသည့် ခရီးသည်တစ်ဦးကို စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ်။
ဓါတ်ပုံ- မော်ကွန်း။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."