ထားဝယ်- ၂၀၂၃ ဇွန် ၁၉ (မော်ကွန်း)
ထားဝယ်အရှေ့တောဒေသဘက်ကို ရိက္ခာပို့ထွက်လာတဲ့စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စုပေါင်းတိုက်ခိုက်ခဲ့်ိတာကြောင့် အနည်းဆုံး ခုနှစ်ဦးသေပြီး ၁၅ ဦးလောက် ဒဏ်ရာရရှိသွားတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်ခဲ့တဲ့ ဥဩစစ်ကြောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ထားဝယ်-မေတ္တာ-ထီးခီး(ထိုင်းနယ်စပ်)လမ်းအတိုင်း ရိက္ခာပို့ဖို့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဇွန် ၁၆၊၁၇ ရက်တွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီအင်အား ၁၇၀ ခန့်ပါတဲ့ ယာဉ်တန်းကို သူတို့စုပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်တာလို့ဆိုပါတယ်။
“လက်ရှိကတော့ အေးအေးချမ်းချမ်းဖြစ်သွားပြီ။ ပုံမှန်အနေအထားဖြစ်သွားပြီ။ ရွာခံတွေရဲ့ ပြောပြချက်အရ သုဿန်မှာ ခုနှစ်ဦးင်္သဂြိုလ်တယ်လို့ သိရတယ်။ (စစ်ကောင်စီတပ်သား) ခုနှစ်ယောက်ဆိုတာတော့ အတည်ပြုလို့ရတယ်။ ကျန်တဲ့ ထိခိုက် ဒဏ်ရာရတာတွေလည်း အတော်လေးများတယ်။ ၁၅ ဦးထက်များတယ်လို့ သိရတယ်” လို့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဥဩစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူက ဒီနေ့လယ်ပိုင်းမှာပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ထားဝယ်-မေတ္တာမြို့လမ်းပိုင်းပေါ်မှာရှိတဲ့ ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးမှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ပြုလုပ် စစ်ထိုးလာတာဖြစ်ပြီး အဲဒီလမ်းပိုင်းပေါ်မှာရှိတဲ့ သင်္ဃန်းတုံး၊ ဝကုန်း စတဲ့ကျေးရွာတွေကို ရွာလုံးကျွတ်နီးပါး ဖောက်ထွင်းဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ အိမ်တွေကိုတော့ မီးမရှို့သွားဘူး၊ ဒါပေမဲ့ အိမ်ထဲမှာရှိသမျှ အကုန်ယူသွားတယ်။ မွှေနှောက်ဖျက်ဆီးသွားတယ်” လို့ ဝကုန်းရွာခံတစ်ဦးက ပြောပါတယ်။
ဒီတိုက်ပွဲကြောင့် ဒေသတော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်နှစ်ဦးကျဆုံးခဲ့ရတယ်လို့လည်း ၎င်းက ပြောပါတယ်။ ခြေထောက်မှာသေနတ်မှန်ထားပြီး ဗိုက်ကိုဓားနဲ့ဖွင့်ထားတဲ့ ဒဏ်ရာတွေနဲ့ အဲဒီရဲဘော်တွေဟာကျဆုံးခဲ့ရတာလို့ သူက ပြောပြတယ်။
ဥဩစစ်ကြောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့အဖွဲ့ဘက်မှာ ဒီတိုက်ပွဲအတွင်း အကျအဆုံးမရှိပေမယ့် အခြားအဖွဲ့တွေဘက်က အကျအဆုံးဖြစ်ပွားမှုဟာ သူ့ရဲ့ပြောဆိုခွင့်ထဲမှာမရှိတဲ့အတွက် ရဲဘော်နှစ်ဦးကျဆုံးမှုကို အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။
“ ဥဩစစ်ကြောင်းကတော့ ဒီတိုက်ပွဲမှာ ထိခိုက်ကျဆုံးတာမရှိဘူး။ အခြား တပ်ဖွဲ့တွေထဲမှာ ရှိ၊ မရှိတော့ မသိသေးဘူး။ ဒဏ်ရာရတဲ့ ရဲဘော်တစ်ယောက်တော့ရှိတယ်လို့ အတည်ပြုလို့ရတယ်” လို့ သူကပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီလမ်းကြောင်းကိုအသုံးပြုပြီး ရိက္ခာပို့ဖို့စီစဉ်နေတာ သုံးလခန့်ရှိနေခဲ့ကာ ယခင်နှစ်ကြိမ်ခန့် နောက်ပြန်လှည့်ပြေးသွားဖူးတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဥဩစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ထားဝယ်အရှေ့တောဒေသဆိုတာကတော့ ထားဝယ်-မေတ္တာ-ထီးခီး(ထိုင်းနယ်စပ်)လမ်းကြောင်းတစ်လျှောက်ကို ဒေသခံတွေကခေါ်ကြတဲ့အမည်ဖြစ်ပြီး အဲဒီဒေသမှာ တပ်ပေါင်းစုဖြစ်တဲ့ဥဩစစ်ကြောင်းအပြင် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်းအခြေစိုက်ပြီး စစ်ကောင်စီကို တော်လှန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုံစာ- စစ်ကောင်စီတပ်တွေ ရှာဖွေမွှေနှောက်သွားလို့ ပျက်စီးကျန်ခဲ့တဲ့နေအိမ်တစ်ခု နှင့် ၂ ရက်တာ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးတပ်သား နှစ်ဦး။
ဓါတ်ပုံ- WS
#Dailynews

