ကန့်ဘလူ-၂၀၂၄ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွေထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေကနေ့စဉ်နီးပါး မြေပြင်က စစ်ကြောင်းထိုးတိုက်ခိုက်သလို လေကြောင်းကနေပါ တိုက်ခိုက်တာကြောင့် ဒေသခံသောင်းချီထွက်ပြေးတိမ်းရှောင်နေရပြီး သတ်ဖြတ်ခံရသူတွေလည်းရှိတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
“အဓိကတော့ ကောလင်းကို ပြန်သိမ်းဖို့ ကောလင်းနဲ့ ဆက်စပ်နေရာတွေကို အရင်ကြိုကာတဲ့သဘောပါပဲ။ မနေ့ကလည်း ဘာတိုက်ပွဲမှမရှိဘဲ(ကျွန်းလှနယ်ထဲ) အကြောင်းမဲ့လာပစ်တာ” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
မနေ့ကလေကြောင်းတိုက်ခိုက်မှုကြောင့် မော်တုံရွာက အမျိုးသမီးတစ်ဦးသေဆုံးခဲ့သလို မော်တုံ၊ ပေပင်ချောင်နဲ့ ဝေသော်ရွာက ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူ၊ကျွန်းလှမြို့တွေနဲ့ ကပ်လျှက်ရှိတဲ့ ကောလင်းမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ အခုလဆန်းကစပြီး ကန့်ဘလူမြို့ပေါ်နဲ့ ကျေးရွာတွေမှာ စစ်အင်အားတိုးချဲ့တာတွေလုပ်ဆောင်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူ၊ ကျွန်းလှနယ်ထဲက ရွာတွေကို နေ့စဉ်နီးပါး စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့အပြင် ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ရွာမပြန်ရဲဘဲ နီးစပ်ရာဒေသတွေမှာ စစ်ရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရုတ်တရက်ထွက်ပြေးလာရတဲ့အခါကျတော့ အဝတ်အစားကစလို့ မပါဘူး။ အဲဒီတော့ အကူအညီတွေကတော့ လိုတာပေါ့။ အခြေခံစားသောက်ကုန်ကစလို့ အဝတ်အထည်တွေအထိ အကုန်လိုတာပေါ့”သူကပြောပါတယ်။
ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွေထဲက ရွာတွေကို စစ်ကောင်စီတပ်တွေဟာ နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း ဒေသခံတစ်ဦးသေဆုံးခဲ့သလို ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီ့အပြင် မြေပြင်စစ်ကြောင်းတွေကလည်း သူတို့စစ်ကြောင်းထိုးတဲ့ရွာတွေကို မီးရှို့တာကြောင့် ကျေးရွာငါးရွာဝန်းကျင်က အိမ်ခြေငါးဆယ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အဲဒီရွာတွေက ဒေသခံသုံးဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်လက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတစ်ဝန်းက အိမ်ခြေ ရှစ်သောင်းနီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကန့်ဘလူဒေသခံများ။
ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့