ရန်ကုန် – ၂၀၂၅ ဩဂုတ် ၇ (မော်ကွန်း)
ဒီရက်ပိုင်း ဆက်တိုက်ရွာနေတဲ့မိုးကြောင့် ကျေးရွာနဲ့ ရပ်ကွက်တချို့ ရေကြီးရေလျှံနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ စစ်ဘေးရှောင်အမျိုးသားတစ်ဦး ရေစီးနဲ့ မျောပါသေဆုံးသွားတယ်လို့ ဒေသခံ ပရဟိတအသင်းတချို့ကပြောပါတယ်။
တအာင်းတပ်ဖွဲ့ (TNLA) ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့ ကျောက်မဲမှာ မနေ့က မွန်းလွဲပိုင်းမှာ နောင်ချိုမြို့ပေါ်ကနေ စစ်ဘေးရှောင်လာတဲ့ အမျိုးသားတစ်ဦးဟာ နေရပ်ပြန်ဖို့ သွားရောက်စဉ်မှာ ၎င်းစီးလာတဲ့ဆိုင်ကယ်နဲ့အတူ ရေစီးထဲမျောပါသေဆုံးခဲ့တာပါ။
ဒီနေ့မနက်ပိုင်း ရေကျချိန်မှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကမ်းလက်လူမှုကူညီရေးအသင်း (နောင်ပိန်) က စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“အထက်ရဲရွာရေအားလျှပ်စစ်လမ်းပိုင်းကနေ ကျောက်ဂူလမ်းကနေ နောင်ချိုဘက်အပြန်မှာ လမ်းရေကျော်နေတာကိုဖြတ်တဲ့အချိန် ဆိုင်ကယ်ရောလူရော မျောပါသေဆုံးခဲ့တယ်။ ဒီမနက်ရေကျချိန်မှာ အလောင်းကို ရေမြောင်းထဲက ဝါးရုံပင်တွေကြားမှာ ညှပ်လျက်ပြန်ခဲ့တာပါ” ၎င်းက ပြောပါတယ်။
ကျောက်မဲမြို့မှာ ပြီးခဲ့ရက်ဆက်တိုက်တဲ့မိုးကြောင့် တောင်ကျချောင်းရေဝင်ရောက်ခဲ့ပြီး မြို့ရဲ့ အနိမ့်ပိုင်းရပ်ကွက်တချို့မှာ ရေကြီးရေလျှံနေပါတယ်။
မနေ့ကလည်း ကျောက်မဲမြို့ နောင်ရွာအနီးမှာ ကားတစ်စီးအတူ လူနှစ်ဦးရေထဲမျောသွားတာကြောင့် ဒေသခံတွေက ၎င်းတို့ကို ပြန်လည်ကယ်ဆယ်ခဲ့ရပါတယ်။
ဒီရက်ပိုင်းဆက်တိုက်ရွာတဲ့မိုးကြောင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့မှာလည်း တောင်ပေါ်မြေတွေ ပြိုကျတာကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေနေရတာပါ။

ပုံစာ – သေဆုံးသူရဲ့ ရုပ်အလောင်းကို ဒေသခံ ပရဟိတအသင်းက သယ်ဆောင်လာစဉ်
ဓါတ်ပုံ ကမ်းလင့်လက်များ (နောင်ပိန်)

