စဉ့်ကူး – ၂၀၂၃ မေ ၄ (မော်ကွန်း)
မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ် ကြက်တူရွေးကျေးရွာက နေအိမ်သုံးလုံးကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက် ၆:၀၀နာရီဝန်းကျင်မှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကြက်တူရွေး၊ ဟင်္သါမ၊ မြစ်ကမ်းကြီးရွာတွေကို အာဏာသိမ်းစစ်သား ၇၀ ပါ စစ်ကြောင်းက မနေ့နေ့ခင်းပိုင်းမှာစစ်ကြောင်းထိုးလာပြီး ညနေဘက်မှာလက်နက်ကြီးရမ်းပစ်ခတ်ခဲ့တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
“သူတို့စစ်ကြောင်းရောက်ပြီး သူတို့နားကပ်မှာစိုးလို့ လက်နက်ကြီးရမ်းထုတာ ညကိုလက်နက်ကြီး ခုနစ်လုံးထုတယ်၊ အနောက်ဘက်ခြမ်းက သရက်ခြံထဲကို သုံးလုံးကျတယ်၊ နှစ်လုံးကွဲတယ်၊ တစ်လုံးမကွဲဘူး၊ တောင်ဘက်ခြမ်းကိုလေးလုံးကျတယ်၊ ပြည်သူနေအိမ်နှစ်လုံးကျတယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးလာလို့ အနီးအနားကျေးရွာတွေက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် ပြည်သူကိုလက်နက်ကြီးထိမှန်သူမရှိဘူးလို့ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဟင်္သါမဘုန်းကြီးကျောင်းထဲအထိုင်ချထားပြီး ကြက်တူရွေးကျေးရွာမှာလည်း ရှိနေလို့ အနီးနားကျေးရွာကဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ဒေသခံက ပြောပါတယ်။
ပုံစာ – မီးရှို့ခံနေရသည့် ကြက်တူရွေးရွာ
ဓာတ်ပုံ – ဒေသခံ
#Dailynews

