ရန်ကုန် – ၂၀၂၃ ဇွန် ၁ (မော်ကွန်း)
တစ်ဦးကို ကျပ်သိန်း ၇၀၀၊ အစုအဖွဲ့ဆိုရင် သိန်း ၅,၀၀၀ ထိ ထုတ်ချေးမယ်လို့ စစ်ကောင်စီကြေညာထားတဲ့ချေးငွေကို တောင်သူတွေချေးမရဘူးလို့ ချေးငွေလျှောက်ဖူးတဲ့တောင်သူတစ်ချို့က ပြောပါတယ်။
” ကျွန်မတို့ဆို ဧက ၃၀၀ စိုက်တယ်။ အထောက်အထား ပုံစံ ၇ တွေလည်း ရှိတယ်။ တောင်သူတွေကို အဲ့ဒီလောက်ငွေ ထုတ်ချေးမယ်ဆိုတာ အစောကြီးထဲကမဖြစ်နိုင်မှန်းသိပေမယ့် သွားမေးတော့ ဘဏ်ကမရဘူးပြောတယ်” လို့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။
သူက လယ်ဧကရာနဲ့ချီ စိုက်ပျိုးနေတဲ့တောင်သူတစ်ဦးဖြစ်ပြီး အရင်းအနှီးလိုတဲ့အတွက် အဲဒီချေးငွေနဲ့ ပတ်သက်လို့ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ကိုသွားရောက်စုံစမ်းခဲ့တာပါ။
စစ်ကောင်စီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကတစ်ဆင့် လယ်ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ ဆီစက်၊ ဆန်စက်တွေ ဝယ်ယူဖို့ အရင်းအနှီးလိုနေတဲ့ တောင်သူတွေအတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးသွားမယ်လို့ မေလကုန်မှာ အသိပေးကြေညာခဲ့ပါတယ်။
တစ်နှစ်ကို အတိုး ၅%ယူမယ့် အဆိုပါ ချေးငွေကို တောင်သူတစ်ဦး ကျပ် သိန်း ၇၀၀၊ တောင်သူအစုအဖွဲ့တစ်ဖွဲ့ ကျပ်သိန်း ၅,၀၀၀ ထိ ထုတ်ချေးပေးသွားမယ်လို့ကြေညာထားပြီး နီးစပ်ရာမြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွေမှာ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
ချေးငွေလျှောက်မယ့်တောင်သူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေကို ဘဏ်ကို တင်ပြရမယ်လို့လည်း သတ်မှတ်ထားပြီး သာမန်တောင်သူတွေအနေနဲ့ ဒီလိုချေးငွေတွေရဖို့ မလွယ်ပါဘူးလို့ ဆန်စက်လုပ်ငန်းရှင်တစ်ဦးကလည်း ပြောပါတယ်။
” ပုံမှန်ဆိုရင်တော့ စိုက်ဘဏ်က စိုက်ပျိုးစရိတ်ပဲ ချေးပေးတာဗျ။ ရိတ်သိမ်းခြွေလှေ့စက်တွေ ဘာတွေကျတော့ တောင်သူတွေက ကုမ္ပဏီတွေကနေ အရစ်ကျနဲ့ပြန်ဝယ်ကြရတာ။ ဘဏ်တွေက ပိုင်ဆိုင်မှုတစ်ခုခုမှမပြနိုင်ရင် ချေးငွေကမရပါဘူး။ ကျွန်တော်တို့ဘဏ်စနစ်အရ အာမခံမသွင်းရင် ဘာမှမပေးဘူး။ တောင်သူတွေကလည်း ဘာပိုင်ဆိုင်မှုရှိမှာလဲ” လို့ သူကပြောပါတယ်။
လက်ရှိကာလမှာ စိုက်ပျိုးဖို့အတွက်ဝယ်ယူရတဲ့ သွင်းအားစုအားလုံးနီးပါးဟာ ဈေးနှုန်းမြင့်တက်နေပြီး တောင်သူတွေမှာ အရင်းအနှီးလိုနေတယ်လို့ မကွေးတိုင်းကစပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
” စိုက်ပျိုးစရိတ် ထုတ်ချေးပေးတာရှိတော့ နှစ်စဉ် ရှိတာပေါ့လေ။ အဲဒီ စိုက်ပျိုးစရိတ်ကလည်း မတော်တဆလယ်ပျက်သွားလို့ ပြန်မသွင်းနိုင်ရင် ဒဏ်ကြေးနဲ့ အတိုးနှုန်းတောင်းတာဆိုတော့ တောင်သူတွေမှာ အရင်းအနှီးရဖို့ လှည့်ပတ်ချေးနေရတာပါပဲ။ အကုန်လုံးကလည်း ဈေးခေါင်ခိုက်အောင်တက်နေတာလေ” လို့ သူက ပြောပါတယ်။
စပါးစိုက်တောင်သူတွေအတွက် စိုက်ပျိုးစရိတ် ချေးငွေတွေကို တစ်ဧကကို ကျပ် ၁၅၀,၀၀၀ နှုန်းနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးနေပြီး ယခုနှစ်မိုးစပါးအတွက် ချေးငွေတွေကို မေ ၂၉ ရက်က စတင်ထုတ်ချေးပေးနေပြီလို့ စစ်ကောင်စီသတင်းစာတွေမှာ ရေးပါတယ်။
#Dailynews

