ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၃ (မော်ကွန်း)
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက် အမျိုးသမီးတွေရဲ့စာရင်းတွေကို အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ စတင်ကောက်ယူနေတယ်လို့ ကိုယ်တိုင်ကြုံလာတဲ့ ဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်းထဲက ရွှေပြည်သာ၊ မြောက်ဥက္ကလာပနဲ့ ရွှေပေါက်ကံမြို့သစ်တို့မှာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသမီးတွေရဲ့စာရင်းတွေကို စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေး အာဏာပိုင်တွေက စတင်ကောက်ယူခဲ့တာပါ။
“အသက် ၁၈ ပြည့်ပြီးသား မိန်းကလေးတွေပေါ့။ အိမ်ထောင်သည်မပါဘူး။ တစ်အိမ်တက်ဆင်းပြီးလာပြီး အဲဒီ မိန်းကလေးတွေရဲ့ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းနဲ့ဆိုလည်း သန်းခေါင်စာရင်း၊ ဧည့်စာရင်းနဲ့နေရင်လည်း ဧည့်စာရင်းအချက်အလက်တွေ အကုန်ယူသွားတယ်” လို့ မြောက်ဥက္ကလာပမြို့နယ်အတွင်း စာရင်းကောက်ယူမှုကို ကိုယ်တိုင်ကြုံတွေ့လိုက်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်းသင်တန်းတွေကို ဒီနှစ် ဧပြီလပိုင်းတည်းက ဖွင့်လှစ်လာတာ လက်ရှိမှာ သင်တန်းအပတ်စဉ် (၇) ထိ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။
လက်ရှိ အချိန်ထိတော့ အမျိုးသမီးစစ်မှုထမ်းတွေကို ခေါ်ယူတာမရှိသေးဘဲ အမျိုးသားတွေကိုပဲ ဆက်တိုက်ခေါ်ယူခဲ့တာပါ။
စစ်မှုထမ်းသင်တန်းဆင်းတွေကို ရှေ့တန်းစစ်မြေပြင်တွေဆီ တန်းပြီးပို့ဆောင်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် စစ်မှုထမ်းဖို့ ရှောင်လွှဲသူတွေ များလာသလို အမျိုးသမီးငယ်တွေအနေနဲ့လည်း စစ်မှုထမ်းသင်တန်းတွေ ပို့လွှတ်ခံရမှာကို စိုးရိမ်မှုတွေ ရှိလာတယ်လို့ ကိုယ်တိုင်ကြုံလိုက်တဲ့ ဒေသခံတချို့က ပြောပါတယ်။
ရွှေပေါက်ကံမြို့သစ်မှာဆို စက်မှုဇုန်အနီးက အမျိုးသမီးအဆောင်တွေက အလုပ်သမားတွေ၊ ရပ်ကွက်ထဲက အမျိုးသမီးငယ်တွေအပြင် လက်ရှိကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသူတွေရဲ့ စာရင်းတွေကိုပါ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ကောက်ယူသွားတယ်လို့ ရွှေပေါက်ကံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“အစ်မသမီးက အခုမှ တက္ကသိုလ်တက်နေတုန်း ကျောင်းသားရော၊ ကျောင်းသူတွေပါ အကုန်ကောက်သွားတယ်။ အိမ်တွေရော ဒီဘက်စက်ရုံနားက အဆောင်တွေရော အကုန်ကောက်သွားတယ်။ အကုန်ကောက်တာဆိုတော့ ဘယ်လိုလာမလဲတော့ မသိသေးဘူး” လို့ ၎င်း ဒေသခံက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ ပြင်းထန်တဲ့ခုခံတော်လှန်စစ်နဲ့ ရင်ဆိုင်လာရတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ စစ်အင်အားကို ပြန်လည်ဖြည့်တင်းဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး စစ်မှုထမ်းအပတ်စဉ် (၁) ကို ဒီနှစ် ဧပြီလမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။
စစ်မှုထမ်းဖို့ ကျေးရွာတွေ၊ ရပ်ကွက်တွေမှာ မဲဖောက်တာ၊ အဓမ္မလူသစ်စုဆောင်းတာတွေကြောင့် နေရပ်တွေကနေ တိမ်းရှောင်ရသူတွေလည်း အများအပြား ရှိလာခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းသားတွေ စတင်ခေါ်ယူစဉ်ကတော့ တပ်သားသစ်တွေကို ရှေ့တန်းမပို့ဘူးလို့ ပြောခဲ့ပေမယ့် လက်ရှိ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေ အများစုဟာ ရှေ့တန်းစခန်းတွေကို ပို့လွှတ်ခံနေရပါတယ်။
ပုံစာ – စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းတစ်ခု
ဓါတ်ပုံ – ပြည်သူ့စစ်မှုထမ်းများစုစည်းရာ

