တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့က အဝိုင်းပတ်မှာ ဒီကနေ့မနက်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသခံက ပြောပါတယ်။
ဒီကနေ့ မနက် ၉:၄၅ လောက်က တန့်ဆည်အဝိုင်းပတ်မှာ အလံနက်တစ်ခုထောင်ထားတာကိုတွေ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖြုတ်သိမ်းချိန် ပေါက်ကွဲမှုဖြစ်ပွါးပြီး ၎င်းတပ်ဖွဲ့ဝင် ငါးဦးလောက် ဒဏ်ရာရရှိသွားကြောင်း တန့်ဆည်နယ်ခံကပြောပါတယ်။
အဆိုပါဖောက်ခွဲမှုကို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ TPCက ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်အသိပေးပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နာရေးကူညီမှုကားများ အဝိုင်းပတ်ဆီ သွားနေတာကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။
မြို့တွင်းရှိ တန့်ဆည်ဘောလုံးကွင်းရှေ့အပါအဝင် နေရာအချိူ့မှာလည်း စစ်ဆေးတာတွေ ရှိခဲ့ပါတယ်။
မနေ့က တန့်ဆည်မြို့နယ်၊ မြောက်အင်းကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ ၆ အိမ်ထက်မနည်း မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
#Dailynews

