တန့်ဆည်-၂၀၂၃ နိုဝင်ဘာ ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်မှာ မနေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဒီနေ့မနက်အစောပိုင်း ၂ နာရီဝန်းကျင်က တန့်ဆည်မြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ရွာရှည်(မြောက်)ရွာကို လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချသွားတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“စာသင်ကျောင်းတစ်လုံးကျတယ်။ ဆေးရုံရဲ့မြောက်နားကို တစ်လုံးကျတယ်။ ထိခိုက်ကတော့ မကြားမိဘူးဗျ။ နှစ်နာရီလောက်ကကြဲတာ။ တိုက်ပွဲမရှိဘူး။ ခွေးသတင်းဘက်ကတင်ထားတာက ကိုယ့်ဘက်ကလူတွေ (အဲဒီရွာမှာ)ဆေးကုနေတယ်ဆိုပြီးတော့ လာကြဲတာ။ စာသင်ကျောင်းတွေ အိမ်တွေကတော့ ပျက်စီးတယ်။ နေအိမ်သုံးလုံးလောက်ပျက်စီးသွားတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရွာရှည်(မြောက်)ရွာဟာ စစ်ကြောင်းမကြာခဏထိုးခံရတာကြောင့် ဒေသခံအများစုက ထွက်ပြေးတိမ်းရှောင်နေကြလို့ လူအထိခိုက်မရှိခဲ့တာလို့ သူကဆိုပါတယ်။
“အဲဒီရွာက နဂိုကလည်း စစ်ကြောင်းဝင်နေကြဆိုတော့ တောထဲနေတဲ့သူကလည်းနေ၊ ကြဲသွားတာက စာသင်ကျောင်း၊ စာသင်ကျောင်းဘေးအိမ်တွေကလည်း မီးရှို့ထားတာဆိုတော့ လူမနေကြဘူးလေ။ မီးမရှို့တဲ့အိမ်လေးတွေပဲနေကြတာ။ ဗုံးကြဲတာလည်း ပြည်သူမရှိတဲ့အချိန်ဆိုတော့ မထိခိုက်တာပေါ့” လို့ တန့်ဆည် ပကဖက တာဝန်ရှိသူကပြောပါတယ်။
ဗုံးကြဲခံရတဲ့ ရွာရှည်ရွာဟာ အိမ်ခြေအများအပြားရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး တိုက်ပွဲမဖြစ်ပွါးဘဲ ဗုံးကြဲခံရတာလို့ ပကဖက ပြောပါတယ်။
မနေ့ကတော့ တန့်ဆည်မြို့ပေါ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သလို ရဟတ်ယာဉ်နဲ့လည်း လူအင်အားဖြည့်တင်းတာတွေလုပ်ဆောင်ခဲ့ပါတယ်။
တန့်ဆည်မြို့ရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်တွေဘက်က ထွေအုပ်ရုံး၊ ရဲစခန်း၊ ဝန်ထမ်းအိမ်ရာနဲ့ ခရိုင်ရုံးတွေမှာသာ တပ်စွဲထားနိုင်တော့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။
ဒီနေ့မှာတော့ တန့်ဆည်မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်တွေဘက်က အင်အားထပ်မံဖြည့်တင်းတာမျိုးမကြားရပေမယ့် ထိုးစစ်ကာလဖြစ်တာကြောင့် အချိန်မရွေး တိုက်ပွဲတွေဖြစ်ပွားနိုင်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေ လေကြာင်းကနေဗုံးကြဲတိုက်ခိုက်လို့ ပျက်စီးသွားတဲ့ စာသင်ကျောင်းနဲ့ နေအိမ်တချို့
ဓာတ်ပုံ-တန့်ဆည် ပကဖ

