ဂေထော
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၁ (မော်ကွန်း)
Stay at Home သတ်မှတ်ထားသည့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲပြုလုပ်နိုင်သည့် ရှစ်မြို့နယ်မှ အသက် ၆၀ အထက် ကြိုတင်မဲလျှောက်ထားသူ လေးထောင်ကျော်ရှိကြောင်း ယင်းပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က မော်ကွန်းသို့ပြောသည်။
COVID-19 ရောဂါကူးစက်မှုအခြေအနေအရ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များတွင် အသက် ၆၀ နှစ်နှင့်အထက်ရှိသူများကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ရက်အထိ နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်နယ်တစ်ခုလုံးတွင် အသက် ၆၀ အထက် မဲပေးခွင့်ရှိသူ နှစ်သိန်းကျော်ရှိခဲ့ရာမှ အောက်တိုဘာ ၁၆ ရက်က ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေများ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်တွင် အသက် ၆၀ အထက် မဲပေးခွင့်ရှိသူ တစ်သိန်းကျော်သာကျန်ရှိတော့သည်။
သံတွဲ၊ မာန်အောင်၊ ဂွ၊ ရမ်းဗြဲမြို့နယ်တို့တွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ပြီး ကျန်ရှိသည့် ကျောက်ဖြူ ၊ စစ်တွေ၊ အမ်းနှင့်တောင်ကုတ်မြို့နယ်တို့မှာ ရပ်ကွက်၊ ကျေးရွာအုပ်စုအနည်းငယ်မျှသာ ကျင်းပနိုင်တော့မည်ဖြစ်သည်။
မြို့နယ်တစ်ခုလုံးရွေးကောက်ပွဲမကျင်းပမည့် နယ်မြေများမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်သည်။
ကျန်ရှိသည့် ကျောက်ဖြူ၊ အမ်း၊ စစ်တွေနှင့် တောင်ကုတ်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅၂ ခုတို့မှာလည်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထို့ကြောင့် လာမည့်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် မဲပေးခွင့်ရှိသူ ၁,၆၄၀,၀၀၀ ကျော်ရှိရာမှ ၄၄၅,၀၀၀ ကျော်သာ မဲပေးခွင့်ကျန်ရှိတော့မည်ဖြစ်သည်။
နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်၌ မဲရုံပေါင်း ၇၅၅ ရုံရှိပြီး မဲရုံလုံခြုံရေးအတွက် အထူးရဲများကိုလည်း မဲရုံတစ်ရုံလျှင်တစ်ဦး ထားရှိသွားမည်ဖြစ်သည်။
#Dailynews

