စစ်ကိုင်း – ၂၀၂၃ ဇွန် ၁၆ (မော်ကွန်း)
စစ်ကိုင်း-ရွှေဘို ကားလမ်းမကြီးဘေးက အိမ်ခြေငါးရာဝန်းကျင်ရှိတဲ့ ပေါက်မ(တောင်)ရွာဟာ မနေ့ကတစ်ရွာလုံးနီးပါး မီးရှို့ခံလိုက်ရပြီး ဒီနေ့ထိ စစ်ကောင်စီတပ်တွေ တပ်စွဲထားသေးတာကြောင့် ဒေသခံတွေ ရွာမပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
“အခြေနေကတော့ မကောင်းဘူး။ တောထဲမှာနေနေရတုန်းပဲ၊ ရွာပြန်လို့မရသေးဘူး။ ဘယ်မှလည်းသွားမရဘူး၊ စစ်တပ်က ရွာထဲမှာတပ်စွဲထားတာ။ ရွာကတော့ တစ်ရွာလုံးနီးပါး ပျက်စီးသွားတယ်။ အကုန်နီးပါး မီးထဲပါသွားတယ်။ ကျွန်တော်တို့ရွာကတော့ ဖမ်းခံရတာမကြားရသေးဘူး၊ တခြားရွာတွေကတော့ ဖမ်းခံရတဲ့သူတွေရှိတယ်” လို့ ပေါက်မ(တောင်)ရွာသားတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်ထိ ပေါက်မရွာခံတွေနဲ့ အနီးကရွာတွေဖြစ်တဲ့ ကန်တော်ရိုး၊ မြိုင်ကုန်း၊ အောင်မြေသာစည်ရွာတွေက ဒေသခံတွေ နီးစပ်ရာတောတွေထဲမှာ စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။
“အဝတ်အစားနဲ့ စားစရာတော့ ထွက်ပြေးရင်းနိုင်သလောက်သယ်ခဲ့တယ်။ တချို့လည်း ဘာမှ မသယ်နိုင်တဲ့သူတွေလည်းရှိတယ်။ ဝေမျှစားရတာတာပေါ့။ ရွာကိုတော့ ခုထိပြန်မရသေးဘူး၊ တနေ့က ညကတည်းက တောထဲရှောင်နေရတာ သုံးရက်လောက်ရှိပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပေါက်မရွာကိုမီးရှို့ပြီး လက်ရှိအချိန်ထိတပ်စွဲနေတဲ့စစ်ကြောင်းဟာ အခုလ ၁၃ ရက်က ပေါက်မရွာအနီးက သာဇင်ရွာကိုလည်းမီးရှို့ခဲ့လို့ အိမ်ခြေခြောက်ရာနီးပါးပျက်စီးခဲ့ပြီး ဒေသခံတချို့လည်း ဒီနေ့အထိ ဖမ်းခံထားရတုန်းလို့ ပြောပါတယ်။
အင်အားတစ်ရာဝန်းကျင်ရှိတဲ့ အဲဒီစစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ်ထဲက အင်းစ၊ အိုင်းဓမ္မ၊ သာဇင်၊ ပေါက်မ(တောင်၊မြောက်)စတဲ့ ရွာတွေကို အခုလ ၁၃ ရက်ကနေ ၁၅ ရက်အထိ စစ်ကြောင်းထိုး မီးရှို့ခဲ့တာဖြစ်ပြီး ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။
သာဇင်ရွာကို မီးရှို့တုန်းက အသက် ၆၀ အရွယ် ဒေါ်သန်းမြဆိုတဲ့ အမျိုးသမီးတစ်ဦးအသတ်ခံခဲ့ရပြီး ရွာထဲမှာ ပိတ်မိနေတဲ့ အမျိုးသားတချို့ကိုလည်း လက်ရှိအချိန်ထိဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုလအစောပိုင်းကတည်းက စစ်ကိုင်းတိုင်းထဲက မြို့နယ်အများစုကို စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်ဆောင်နေပြီး ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့လည်း မကြာခဏ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်နေတယ်လို့ သိရပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ၂၀၂၁ မေ ၁ ရက်ကနေ ၂၀၂၃ မေ ၃၁ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေအိမ်ပေါင်းခုနစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံထားရပါတယ်။
အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက မီးရှို့ဖျက်ဆီးခံရတာအများဆုံးဖြစ်ပြီး နေအိမ်ငါးသောင်းကျော်အထိ ဖျက်ဆီးခံထားရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေမီးရှိုဖျက်ဆီးထားတဲ့သာဇင်ရွာ
ဓာတ်ပုံ-စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

