ယင်းမာပင် – ၂၀၂၃ မတ် ၈ (မော်ကွန်း)
စစ်ကိိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းထိုးလာချိန် ထန်းတောက ထန်းသမားတစ်ဦးအသတ်ခံရပြီး နောက်တစ်ဦးကတော့ ကြောက်လန့်ကာ ထန်းပင်ပေါ်က ပြုတ်ကျလို့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။
ယင်းမာပင်၊ ဘန့်ဘွေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်နဲ့ပျူစောထီးတွေဟာ ထန်းတောတွေရှိတဲ့ နဘူးတောရွာဆီကို စစ်ကြောင်းထိုးလာပြီး အသက် ၃၅ နှစ်ဝန်းကျင် ထန်းတက်သမား ကိုဇော်မင်းကို ပစ်သတ်ခဲ့တာလို့ ဒေသခံကပြောပါတယ်။
“ကိုဇော်မင်းက ဘန့်ဘွေးကနေ စခတွေ ထွက်ပြီဆိုတဲ့သတင်းကို ကြားကြားချင်း သူ့အမျိုးသမီးနဲ့ကလေးတွေကို လွတ်ရာပို့ပြီး သူ့ထန်းလျက်ကြိုတဲ့ တဲကို ဆိုင်ကယ်ပြန်အယူမှာ ပစ်သတ်ခံရတာ”လို့ ဒေသခံကပြောပါတယ်။
သေဆုံးသူ ကိုဇော်မင်းမှာ ဇနီးဖြစ်သူနဲ့ အခြေခံပညာကျောင်းနေအရွယ် သားသမီးနှစ်ဦးကျန်ရစ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
“စခတွေပြန်ပြီလို့သိရပြီး ကိုယ့်နေရာ ကိုယ့်ရွာကိုယ်ပြန်ချိန်မှာ ကိုဇော်မင်းရဲ့အလောင်းကို စခတွေ ပစ်သတ်ထားတဲ့ သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရပါတယ်”လို့ သူကပြောပါတယ်။
အဲဒီနေရာမှာပဲ နောက်ထပ်ထန်းသမားတစ်ဦးကတော့ ကြောက်လန့်ပြီး ထန်းပင်ပေါ်က ပြုတ်ကျခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
“ကိုဇော်မင်းအသတ်ခံရတဲ့အချိန် သေနတ်သံတွေကြားလို့ ထန်းပင်ပေါ်က ကြောက်ကြောက်နဲ့ဆင်းတဲ့အခါ ပြုတ်ကျတာ”လို့ ဒေသခံကပြောပါတယ်။
ထန်းပင်ပေါ်က ပြုတ်ကျတဲ့ဒဏ်ရာနဲ့ အသက် ၅၀ ဝန်းကျင်ရှိတဲ့ ထန်းသမား ဦးမြတ်အေးဟာ ဒီကနေ့ည ၈း၀၀ နာရီလောက်မှာ သေဆုံးခဲ့ရပြီး သူ့မှာလည်း ဇနီးဖြစ်သူနဲ့ သားသမီးတွေကျန်ရစ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
သေဆုံးသူတွေရှိတဲ့ နဘူးတောဘက်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ နှေးကွေး၊ ပြတ်တောက်နေတာကြောင့် အထောက်အထားဓါတ်ပုံတွေ မပို့နိုင်သေးကြောင်း ဒေသခံကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီကနေ့နောက်ဆုံး စောင့်ကြည့်ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူဟာ အနည်းဆုံး ၃,၁၀၀ ကျော်ရှိလာနေပါပြီ။
#Dailynews

