သပိတ်ကျင်း – ၂၀၂၃ ဧပြီ ၁၉ (မော်ကွန်း)
မန္တလေးတိုင်း ၊သပိတ်ကျင်းမြို့နယ် ၊ တကောင်းတိုက်နယ်အတွင်းမှာ စစ်ရှောင်ပြည်သူ ၄၀၀၀ ဝန်းကျင်ရှိပြီး သောက်သုံးရေအခက်ခဲကြောင့် ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေကြတယ်လို့ စစ်ရှောင်တွေဆီကသိရပါတယ်။
“မိုးရွာတုန်းက ကျန်ရှိနေတဲ့ရေ၊ ကျောက်တွေကစိမ့်ထွက်နေတဲ့ ရေအိုင်အသေးလေးတွေကနေ စစ်ပြီးယူသုံးနေရတယ်၊ ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေအဖြစ်များနေတယ်”လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
သောက်သုံးရေအခက်ခဲ ဖြစ်နေတဲ့အပြင်ချိုးဖို့ရေပါမရှိတာကြောင့်တကိုယ်ရေသန့်ရှင်းရေးလည်းမလုပ်နိုင်ဘူးလို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
နွေရာသီီ၊ နေ့ဘက်မှာအပူချိန်လွန်ကဲတာကြောင့် သစ်ပင်အရိပ်အောက်တွေကိုရှာပြီး စုထိုင်နေကြရတယ်လို့ စစ်ရှောင်ကပြောပါတယ်။
“အပင်အောက်တွေမှာအဆင်ပြေသလိုနေရပါတယ်၊ ရေချိူးရဖို့ထက် ရေသောက်ရဖို့ကအရေးကြီးတာပါ၊ မနေနိုင်လည်းနေရပါတယ်”လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
မန္တလေးတိုင်းအတွင်းမှာ ဧပြီလ ၁၃ရက်ကနေ ၂၀ရက်အတွင်း အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်ကနေ ၄၆၊၄၇ ထိ ရောက်ရှိနိုင်တယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ပြောဆိုထားကြပါတယ်။
နွေရာသီပူတဲ့အပြင် သောက်သုံးရေမရှိတာကြောင့် ချက်ပြုတ်စားသောက်ဖို့ရေကို လှည်းနဲ့အနီးစပ်ဆုံး ရေတွင်း၊ ဘုံဘိုင်တွေကနေ သယ်ခပ်တာတွေလုပ်နေရတယ်လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
တကောင်းတိုက်နယ်အတွင်းကို အာဏာသိမ်းစစ်တပ်ကလေကြောင်းအသုံးပြုပြီး ဧပြီလ ၁၅ရက်မှာ ငါးကြိမ်တိုက်ခိုက်တာကြောင့် ပြည်သူနေအိမ်တစ်လုံးပျက်စီးဆုံးရှုံးပြီး နွားသုံးကောင်သေဆုံးကာ ဥသျှစ်ကုန်း၊ မိုင်းဒိုင်း၊ ပေကုန်း၊ ရင်ခွင်၊ ညောင်ကုန်း၊ ကျောက်အိုက်၊ ဆူးတော စတဲ့ရွာတွေက ဒေသခံပြည်သူ ၄၀၀၀ ကျော်စစ်ဘေးရှောင်နေရတယ်လို့ တကောင်းပ.က.ဖ ဆီကသိရပါတယ်။
ပုံစာ – တကောင်းတိုက်နယ်အတွင်းမှ စစ်ရှောင်အချို့
ဓါတ်ပုံ – Supplied
#Dailynews

