ကချင်-၂၀၂၃ ဩဂုတ် ၁၅ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးက ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မြေပြိုမှုမှာ ပျောက်ဆုံးနေသူတွေထဲက ၁၆ ဦးရဲ့ အလောင်းကို ဒီနေ့လယ်ပိုင်းမှာပြန်တွေ့ထားပြီလို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေက မော်ကွန်းကိုပြောပါတယ်။
ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီရဲ့ ကျောက်စိမ်းလုပ်ကွက်မှာ ဩဂုတ် ၁၃ ရက် ညနေပိုင်းက ပေသုံးရာဝန်းကျင်အမြင့်ရှိတဲ့ မြေစာပုံနဲ့ချောက်ကမ်းပါးပြိုကျပြီး ကျောက်ရှာဖွေသမား ၃၇ ဦး ပျောက်ဆုံးခဲ့တာပါ။
“အမျိုးသား(အလောင်း)တွေချည်းပဲ။ အပျောက်စာရင်းက ၃၇ ယောက်ရှိတယ်ဗျ။ အခုလောလောဆယ် နှစ်လောင်းထပ်ဆယ်မယ်ဆိုတော့ ၁၆ လောင်းတော့ရပြီ။ အပေါ်မှာရောက်တာ ၁၄ လောင်းရောက်တယ်။
ရှစ်လောင်းကတော့ ပိုင်ရှင်မသိရသေးဘူး” လို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ သင်္ခါ လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူက ပြောပါတယ်။
ဆယ်ယူရရှိထားတဲ့ အလောင်းတွေထဲက ခြောက်လောင်းက ပိုင်ရှင်တွေ့သွားတာကြောင့် သင်္ဂြိုလ်လိုက်ပြီလို့ သူကပြောပါတယ်။
အခုလက်ရှိရှာဖွေကယ်ဆယ်ရေးလုပ်ရင်း အလောင်းနှစ်လောင်းထပ်ပေါ်လာတာကြောင့် ကန်ထဲကနေသယ်ယူနေတယ်လို့ သူကဆိုပါတယ်။
“ရာသီဥတုက အခုတော့ နေလေးပူလာတယ်။ မနက်က တောက်လျောက်မိုးရွာနေတာ။ မိုးချုပ်အောင်ထိတော့ ကျွန်တော်တို့ တစ်ချက်စောင့်ကြည့်ဦးမှာ” လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောပါတယ်။
မြေစာပုံပြိုကျရာမှာ ပျောက်ဆုံးသွားတဲ့သူတွေကို ၁၄ ရက်နေ့ကတည်းက စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအင်အားအများအပြားနဲ့ ရှာဖွေနေတာဖြစ်ပြီး ဒီနေ့မှ အလောင်းတွေ စတင်တွေ့ရှိတာဖြစ်ပါတယ်။
ဖားကန့်မှာ မြေစာပုံပြိုကျမှုတွေကြောင့် လူထိခိုက်သေဆုံးမှုတွေ မကြာခဏဖြစ်ပြီး အခုလ ၅ ရက်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာမှာ လုပ်ကွက်ဖော်ထားတဲ့ ကန်ထဲမြေစာပုံပြိုကျတာကြောင့် ရေကန်အစပ်မှာရေချိုးနေတဲ့ အမျိုးသမီးနှစ်ဦးနဲ့ ကလေးငယ်နှစ်ဦး ရေစီးနဲ့မျောပါခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
ပုံစာ-ဩဂုတ်၁၃ ရက်က ပြိုကျခဲ့တဲ့ မနကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်
ဓာတ်ပုံ-lanu kareng
#Dailynews

