ရန်ကုန်-၂၀၂၁ ဒီဇင်ဘာ (၁၀)
အကြမ်းဖက်ဖိနှိပ်သည့် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ကြောင်းပြသည့်အနေဖြင့် ယနေ့တွင် ” တိတ်ဆိတ်ခြင်းသပိတ်” ပြုလုပ်ကာ လူထုသည် စစ်တပ်အုပ်ချုပ်မှုကို မလိုလားကြောင်း နိုင်ငံတဝန်းတွင် ပြသနေရာ ရန်ကုန်လူထုသည်လည်း ပါဝင်တော်လှန်နေသည်။
“ငါတို့မြို့၊ ငါတို့ပိုင်တယ်”၊ ” ငြိမ်ချင်ငြိမ်မယ်၊ လှုပ်ချင်လှုပ်မယ်” ဆိုသည့် ကြွေးကြော်သံဖြင့် လူ့အခွင့်အရေးချိုးဖောက်သတ်ဖြတ်နေသည့် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သူများက ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ တွင် “တိတ်ဆိတ်ခြင်းသပိတ်”ဖြင့် ပါဝင်ကြရန် လှုံဆော်ခဲ့ရာ ရန်ကုန်လူထု ပါဝင်လာခြင်း ဖြစ်သည်။
ရန်ကုန်မြို့၏ အထင်ကရဈေးများအပါဝင် ရပ်ကွက်ဈေးများ၊ ရွှေဆိုင်များ၊ လမ်းဘေးဆိုင်ခန်းများ၊ လမ်းဘေးဈေးသည်များအထိ ယနေ့တွင် ဆိုင်ပိတ်၊အလုပ်ရပ်၍ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြသနေသည်။
ယနေ့ ပြုလုပ်နေသည့် “တိတ်ဆိတ်ခြင်းသပိတ်”ဖြင့် နိုင်ငံတဝန်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြရန် လှုံဆော်မှုသည် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ်ထားသော်လည်း အများစုသည် မနက်ခင်းချိန်ကတည်းက ဆန့်ကျင်နေကြပြီဖြစ်သည်။
ဓါတ်ပုံများ – ရန်ကုန်မြို့တွင်း အထင်ကရနေရာတချို့။
#Dailynews

